# Linux distro-hopper ခရီးကြမ်း

အချို့ကတော့ Linux ကိုစပြီးအသုံးပြုကတည်းက Fedora ကို Gnome DE နဲ့ သုံးတယ်၊ အချို့ကလည်း Debian ကို KDE လေးနဲ့သုံးမှာ အထာကြတယ်လို့ထင်တယ်၊ အခြားသောသူတွေကတော့ Slackware ကိုမှ Lightweight DE တစ်ခုခုနဲ့ တွဲပြီးတော့ အသုံးပြုသင့်တယ်လို့ အကြံပြုကြတယ်၊ အဲ… ကျန်တဲ့လူတွေကတော့ Arch မှ Arch ပဲဆိုတဲ့ အလဲထိုးမယ့် Linux သမားတွေလည်း ရှိနေပြန်တယ်။ အကုန်ချရေးလို့ကတော့ ပြီးမှာမဟုတ်လို့ ဆက်ပြီးတော့ မရေးတော့ပါဘူး။ စာဖတ်သူတွေလည်း သိတဲ့အတိုင်း Linux မှာ ရွေးချယ်စရာများလွန်းလို့ စာရေးသူ အစပိုင်းမှာ လူကြိုက်များတဲ့ Linux distro ၁၀ခုကို ရွေးချယ်ပြီးတော့ စပြီးတော့ စာတွေရေးဖြစ်ပါတယ်။ ရွေးထားတဲ့ distro ထဲမှာကိုယ်တိုင်ထဲထဲဝင်ဝင် အသုံးပြုဖူးလို့ သိလို့ဆက်စပ်ပြီးတော့ ရေးဖြစ်တဲ့ အကြောင်းလေးတွေပါသလို၊ အစိမ်းသက်သက်ဟိုရှာဒီရှာနဲ့ ရေးဖြစ်တဲ့ distro လေးတွေလည်း ပါခဲ့ပါတယ်။ တချို့ distro တွေကိုတော့ ကိုယ်တိုင် virtual machine တွေပေါ်မှာ install လုပ်ပြီးတော့ စမ်းသပ်အသုံးပြုရတာတွေလည်း ရှိခဲ့ပါတယ်။ စမ်းသပ်အသုံးပြုရင်းနဲ့ ကြိုက်နှစ်သက်သွားတဲ့ distro တွေလည်းရှိခဲ့ပါတယ်။ Manjaro လိုမျိုး distro တွေဆိုရင် အဲ့ဒီ အချိန်တုန်းက ထွက်တာမကြာသေးလို့ material တွေအများကြီးရှာမရလို့ ကိုယ်တိုင် install လုပ်ပြီးတော့ ကိုယ်သိချင်တဲ့ဟာတွေကို ရှာပြီးတော့မှ ချပြီးရေးပြရတဲ့ ဟာတွေလည်းရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Manjaro ကိုပြန်ပြီးတော့ အချိန်တော်တော်ကြာကြာ သုံးဖြစ်တဲ့ အခါတွေလည်းရှိခဲ့ပါတယ်။ အဲ့ဒီကစလို့ ဟို distro ကို စမ်းသုံးလိုက် ဟို distro ကိုစမ်းသုံးလိုက်နဲ့ distro-hopper ဖြစ်ရင်း မသိဖြစ်လို့လာပါတော့တယ်။ Distro တစ်ခုကိုသုံးရင်လည်း အချိန်ပေးပြီးတော့ နေ့စဉ်သုံးဖြစ်အောင်လို့ ကိုယ်နေ့တိုင်းသုံးတဲ့ စက်မှာ standalone ပဲတင်ပြီးတော့ သုံးလာခဲ့ပါတယ်။

အပြောလွယ်သလောက် လိုအပ်တဲ့ material တွေကို ရှာဖွေမွေနှောက်ပြီးတော့မှ စာနဲ့ရေးချပြရတာလည်း တော်တော်လေးကို မလွယ်တဲ့ ကိစ္စတစ်ခုပါ။ သို့သော် အဲ့ဒီတုန်းက သိချင်ဇောတွေ ကပ်နေသလောက်၊ ပြန်ပြီးတော့ ပြောပြချင်ဇောလည်း မကင်းတာကြောင့် တောက်လျှောက်ချရေးဖြစ်ပါတော့တယ်။ အဲ့ဒီနောက် desktop environment တွေအကြောင်း၊ Linux နဲ့ Open Source မှာအသုံးပြုတဲ့ software license လေးတွေအကြောင်းလေးတွေအပြင် အခြားသော Linux နဲ့ ပတ်သတ်တဲ့ အကြောင်းအရာ တော်တော်များများကို လေ့လာရင်း ပြန်ရေးချရင်းနဲ့ အခုချိန်ထိ လေ့လာသလောက် အသိက မဝနိုင်သေးတာမို့၊ ဆက်ရှာ ဆက်လေ့လာ ဆက်သင်ယူပြီးတော့မှ ဆက်ပြီးတော့ ပြန်လည်မျှဝေ နိုင်သလောက် မျှဝေပါတယ်။ စာရေးသူအတွက် အကျိုးမယုတ်သလို ဒီစာကို ဖတ်ဖြစ်တဲ့သူတွေ အတွက်လည်း အကျိုးရှိနိုင်မယ်လို့ ယူဆရပါတယ်။ အဲ့ဒါကြောင့် ဒီလိုမျိုးစာတွေကို အများကြီးဆက်ရေးသွားဖို့ စဉ်းစားထားပါတယ်။ ဒီ post မှာတော့ စာရေးသူ ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ Linux နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံ အချို့ကိုမျှဝေရင်း၊ ကိုယ်အသုံးပြုခဲ့ဖူးတဲ့ distro တွေနဲ့ စတင်ထိတွေ့ ခဲ့ရ ပုံတွေကို အနည်းငယ်ချပြလိုတဲ့ ဆန္ဒနဲ့ ဒီစာတွေကို ရေးဖြစ်သွားတာပါ။

### ပထမံ distro နှင့်တွေ့ဆုံခြင်း

စာရေးသူရဲ့ ပထမဆုံး အသုံးပြုဖူးတဲ့ Linux distro ကတော့ OpenSUSE နဲ့ Ubuntu ဖြစ်ပါတယ်။ အချိန်အားဖြင့်တော့ ၂၀၀၈ ၂၀၀၉ လောက်ကဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက နည်းပညာကောလိပ်မှာ ပညာသင်ကြားနေတဲ့ အချိန်မို့ သင်ကြားပို့ချတဲ့ ဆရာကရွေးတဲ့ distro နဲ့ Linux မှာရနိုင်တဲ့ နည်းပညာတွေကို သင်ယူရပါတယ်။ OpenSUSE ကို Linux server အတန်းမှာ Gnome DE နဲ့ ဆရာကသင်ကြားပို့ချပါတယ်။ နောက်အတန်းမှာတော့ Ubuntu ကို Desktop Linux အနေနဲ့ အသုံးပြုပြီးတော့ သင်ပါတယ်။ မှတ်မှတ်ရရ အဲ့ဒီ အချိန်က Unity DE ထွက်စမို့ အမြင်အားဖြင့် ကြည့်ကောင်းတဲ့ Linux distro ပါ။ အခြေခံလောက်သာ သင်ကြားပို့ချခြင်း ဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း စာသဘောမျိုးသာ လေ့လာခဲ့ပါတယ်။ ကိုယ်တိုင်အသုံးပြုဖို့ထိ၊ Linux ကိုရင်ထဲမှာ စွဲပြီးတော့ကျန်နေအောင်လို့ ကြိုက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ Desktop Linux အတန်းမှာတော့ Ubuntu ကို Unity နဲ့သုံးပြီးတော့ desktop တစ်ခုမှာ MS Windows ကနေ Desktop Linux မှာ ဘယ်လိုမျိုး navigate လုပ်နိုင်သလဲဆိုတာ translate လုပ်လို့ရအောင်သာ သင်ကြားပို့ချတာကို မှတ်မိပါတယ်။ ဘယ်ကြောင့် Linux ဟာ Windows ထက် superior ဖြစ်သလဲဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်းမရှိခဲ့ပါဘူး။ ကိုယ်တိုင်လည်း ကိုယ့် laptop မှာ Windows XP ပြီးတော့ Windows 7 နဲ့ အဆင်ပြေနေတဲ့အတွက် Linux ကိုတော့ဖြင့် စမ်းသုံးကြည့်မယ်ဆိုတဲ့ စိတ်မျိုးလည်း မဖြစ်ခဲ့ဘူးပါ။ မှတ်မိသလောက်တော့ OpenSUSE ကို ကိုယ့်စက်မှာ စမ်းသပ်ပြီးတော့ တစ်ခေါက်နှစ်ခေါက်လောက်တော့ သုံးကြည့်ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ Windows ကိုပဲ ပြန်တင်ရတဲ့ အဖြစ်ကို အခုချိန်ထိမှတ်မိနေပါတယ်။ အဲ့ဒီအချိန်က ကျောင်းစာတဘက် အလုပ်တဘက်နဲ့မို့ ကိုယ်တိုင်လည်း အချိန်အများကြီး မပေးနိုင်ပါဘူး။

ထူးခြားတဲ့အချက်က Linux server အတန်းကိုတင်တဲ့ ဆရာက နည်းနည်း အသက်လည်းကြီးပြီးတော့ နည်းပညာဘက်မှာ နည်းနည်း geek တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဆရာကိုယ်တိုင်က Linux ကို ထဲထဲဝင်ဝင် လေ့လာဘူးပြီးတော့ ကိုယ်တိုင်လည်း အသုံးပြုတဲ့ပုံရပါတယ်။ သူကိုယ်တိုင် OpenSUSE ကို Linux server အနေနဲ့ အသုံးပြုဖို့အတွက်ရွေးချယ်တာဖြစ်ပြီးတော့ Linux ကမ္ဘာမှာ ရနိုင်တဲ့ tools တွေတော်တော်များများကို curriculum ထဲမှာထည့်သွင်းသင်ကြားပါတယ်။ အဲ့ဒီအချိန်ကတော့ ကိုယ့်အတွက်က SAMBA တို့ Apache တို့ Postfix တို့ SquirrelMail တို့ ဆိုတာ အထူးအဆန်းတွေပါ။ သင်ကြားရတဲ့ topic တွေကတော့ အများကြီးပါ။ လက်တွေ့မှာလည်း ဘယ်လို လက်တွေ့ အသုံးချရသလဲဆိုတာလည်း သေချာမသိသော်လည်း နေ့စဉ် ကိုယ် lab ထဲမှာ tutorials တွေကိုလုပ်ရင်း နည်းနည်းတော့ အရသာတွေ့ခဲ့ဘူးပါတယ်။ အဲ့ဒါကြောင့်လည်း OpenSUSE ကို စာရေးသူရဲ့ Compaq laptop အစုတ်လေးပေါ်မှာ စမ်းသပ်ဖို့ ဖြစ်လာရပါတယ်။ Linux ကို ဆက်ပြီးတော့ မသုံးဖြစ် မစမ်းဖြစ်တာကလည်း ကိုယ့်ပတ်ဝန်းကျင်မှာ သုံးတဲ့သူ မရှိသလို၊ Linux အကြောင်းကို ဘယ်ကနေဘယ်လို့ ရှာဖွေ ဖတ်ရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ Mentor ကောင်းကောင်းတစ်ယောက်လောက် ရှိခဲ့ရင် စာရေးသူရဲ့ Linux ခရီးစတာ ဒီထက်ပိုပြီးတော့ နည်းနည်းစောနိုင်ချေရှိပါတယ်။ သို့သော် အကြောင်းမညီညွှတ်ခဲ့လို့ အဲ့ဒီ အချိန်က ကျောင်းစာအနေနဲ့သာ လေ့လာဖြစ်ခဲ့ပါတယ်။ မည်သို့ပင်ဖြစ်စေ Linux ဆိုတာကြီးတော့ တနည်းမဟုတ် တနည်းနဲ့တော့ လေ့လာဖြစ်ခဲ့ပါတယ်။ Linux နဲ့ ပတ်သတ်ပြီးတော့ passion ရှိခဲ့သလားဆိုတော့ အဲ့ဒီ အချိန်က တကယ်ကိုမရှိရိုး အမှန်ပါ။ OpenSUSE ဟာ စာရေးသူအတွက်တော့ Linux ခရီးမှတ်တမ်းမှာ စတင်မှတ်လို့ ပြောရင် လွန်နိုင်မယ်မထင်ပါ။

### တကြော့ပြန် Linux ခရီးစဉ်

စာရေးသူ ၂၀၁၀ ခုနှစ်မှာ နည်းပညာ တက္ကသိုလ် ဆက်လက်တက်ရောက်ခဲ့ပြီးတော့ တဘက်မှာလည်း ကိုယ်တက်ခဲ့ နည်းပညာကောလိပ်မှာ အချိန်ပိုင်းဆရာဖြစ် အလုပ်ပြန်ဝင်ခဲ့ပါတယ်။ ကိုယ်တိုင် တက္ကသိုလ် မှာလေ့လာ နေရတဲ့အပြင်၊ အလုပ်မှာပြန်လည်း သင်ကြားဖို့ကိုလည်း စာတွေအများကြီး ပြန်ဖတ်ပြီးတော့ အတန်းတွေထဲမှာ ကိုယ်သင်ကြားမယ့် ဘာသာရပ်တွေကို ပြင်ဆင်၊ စာမေးပွဲမေးခွန်းတွေ ထုတ်နဲ့ တော်တော်လေးကို အလုပ်ရှုပ်ရပြန်ပါတယ်။ ကိုယ့်ဘဝမှာ အခြားဦးစားပေးရမယ့် အရာတွေ၊ ဦးစားပေးခဲ့တဲ့ အရာတွေ အများကြီးရှိနေတာမို့ နည်းပညာနဲ့ ပတ်သတ်ရင် နည်းနည်းအလှမ်းဝေး လာသလိုလည်း ကိုယ်တိုင် ခံစားလောခဲ့ရပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် imposter syndrome ဆိုတာမျိုး ကိုယ့်မှာ ရှိနေခဲ့ပါတယ်။ ကိုယ်တိုင်က ကျောင်းမှာ အချိန်ပိုင်း IT ဆရာလည်းဖြစ်၊ တက္ကသိုလ်မှာလည်း project နဲ့ assignment တော်တော်များများ team leader မျိုးနေရာတာဝန်ယူရတဲ့ အတွက် အနည်းနဲ့ အများတော့ ကိုယ့်မှာ စိတ်ဖိစီးမှု ရှိခဲ့တာအမှန်ပါ။ တဘက်မှာလည်း imposter syndrome ဆိုတဲ့ လက္ခဏာတွေကို ကိုယ်ဆီမှာ ရှိနေတယ်ဆိုတာကိုလည်း သိလာနေပါတယ်။ အဲ… imposter syndrome ဆိုတာ မသိသေးတဲ့သူရှိ ရင်တော့ နည်းနည်းရှင်းပြချင်ပါတယ်။ အခုနောက်ပိုင်း ကိုယ်နဲ့ ဆိုင်တဲ့ ပညာရပ်တော်တော်များများမှာ လူတွေဟာ imposter syndrome ရှိတယ်လို့ အပြောများလာကြပါတယ်။ imposter ဆိုတာ တိုက်ရိုက်ဘာသာပြန် လိုက်ရင်တော့ လူလိမ်လူညာ လို့ဘာသာပြန်ရပါ့မယ်။ အခြားလူတွေကို လိမ်ဖို့အတွက် ဟန်ဆောင်ပြီးတော့ သိချင်ယောင် တတ်ချင်ယောင်ဆောင်တာမျိုးကို imposter လို့သုံးနုံးပါတယ်။ IT မှာလည်း imposter syndrome ဆိုတာမျိုးက ကိုယ်တိုင် အလုံးစုံး မသိပါပဲနဲ့ သိချင်ယောင်ဆောင်ပြီးတော့ အလုပ်ခွင်မှာ နေ့စဉ် လိမ်ညာနေကြတာမျိုး အခုနောက်ပိုင်းမှာ အများကြီးတွေ့ကြရပါတယ်။ အထူးသဖြင့် IT နည်းပညာဆိုင်ရာ လေ့လောစရာတွေဟာ တော်တော်လေးကိုများပြီးတော့ နေ့စဉ် အသစ်အသစ်တွေ ထွက်လာတာမို့ ကိုယ်တိုင် ရေစီးကြောင်းနဲ့ မလိုက်ရင် ကမ်းတဘက်မှာ ကပ်ပြီးတော့ ကျန်နေနိုင်တာမို့ တောက်လောက်လိုက်ရပါတယ်။ သို့သော် ထိုစဉ်တုန်းက ကျောင်းတဘက် စာသင်တဘက်မို့ လက်တွေ့သင်ယူစရာ အများကြီးကို ကိုယ်တိုင် မလေ့လာ မသင်ယူခဲ့မိပါဘူး။ သို့သော် စာသင်ခန်းထဲမှာတော့ ကိုယ်က အချိန်ပိုင်း ဆရာတစ်ယောက်ဖြစ်တဲ့အတွက် အဆင်ပြေအောင်တော့ ကြည့်ပြီးတော့ သင်ကြားပို့ချခဲ့ပါတယ်။ စာရေးသူ မသိတဲ့ဟာတွေကိုတော့ ကျောင်းသားတွေကို မသိတဲ့ အကြောင်း ပွင့်ပွင့်လင်းလင်းပဲပြောပြပြီးတော့ ပိုမိုသိရှိလာအောင်တော့ ထပ်ကာထပ်ကာလေ့လာ ရပါတယ်။ စာတွေ့လောက်သာ သိတဲ့အသိမျိုးများလို့ imposter syndrome ဖြစ်လာခဲ့ပုံရပါတယ်။

အခုအချိန်ထိလည်း ကိုယ်တိုင် မကြာခဏ ပြန်လည်သုံးသပ်ရပါတယ်။ ကိုယ်ဘယ်လောက်သိဖို့လိုသလဲ၊ ကိုယ်ဘယ်လောက်ပဲသိသလဲ၊ ကိုယ်ဒီလောက်ပဲသိပြီးတော့ ဟိုလောက်သိချင်ယောင်ဆောင် နေသလား ဆိုတာမျိုးက နေ့စဉ် အလုပ်ခွင်မှာ ကိုယ်ရော ကိုယ်နဲ့ အလုပ်တွဲလုပ်တဲ့ သူတွေရောပါ သိသာမြင်သာ ရှိအောင်လို့ စာရေးသူ အမြဲကြိုးစားပြီးတော့ နေပါတယ်။ အဲ့ဒီအတွက်ရလဒ်ကတော့ အလုပ်ခွင်မှာ အားလုံးစိတ်ချမ်းရပါတယ်။ နေ့စဉ်အလုပ်တက်ရင်း ကိုယ်မသိသေးတဲ့ ဟာတွေကို ကိုယ့်ဘက်က ဟန်ဆောင်နေစရာမလိုပဲနဲ့ ကိုယ်နဲ့ တွဲလုပ်တဲ့ စိတ်တူကိုယ်တူ အလုပ်ဖော်တွေ senior engineer တွေစီမှာ အားမနာတမ်းမေးပါတယ်။ သူတို့လည်း ကိုယ့်ကို သူတို့မသိရင် မသိတဲ့အကြောင်း ပြောပြီးတော့ ကိုယ့်ကို မေးကြပါတယ်။ တကယ်ကို imposter syndrome ကင်းစင်တဲ့ work environment တစ်ခုကို တဖြေးဖြေးတည်ဆောက်နိုင်ခဲ့ပါတယ်။ အဖွဲ့အစည်းနဲ့ လုပ်ရတာဖြစ်တဲ့အတွက် အလုပ်ခွင်တိုင်းမှာ လူတိုင်း imposter syndrome လုံးဝမရှိအောင်လုပ်ဖို့ကတော့ မဖြစ်နိုင်ပါ။

သက္ကရာဇ် ၂၀၁၁ ခုနှစ် မှာတော့ စာရေးသူ တက္ကသိုလ်ပြီးပြီးတော့ ၂၀၁၄ခုနှစ်ထိ နည်းပညာကောလိပ်မှာပဲ စာဆက်သင်ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ အထက်မှာပြောတဲ့ imposter syndrome ကြောင့် စာသင်ကြားတဲ့ အလုပ်ကနေ ကိုယ့်သဘောနဲ့ ထွက်ပြီးတော့ technical ပိုဖြစ်မယ့် IT technician role တစ်ခုနဲ့ အစကနေပြန်စခဲ့ပါတယ်။ ၂၀၁၅ နှောင်းပိုင်းမှာပဲ အလုပ်ခွင်က ကိုယ်နဲ့ အလုပ်တွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကြောင့် Linux ကို စိတ်ပါလာရပြန်ပါတယ်။ သူကကိုယ့် အတွက် mentor မျိုးမဟုတ်ခဲ့ပေမယ့်၊ Linux နဲ့ ပတ်သတ်တဲ့ topic တွေကို သူနဲ့ တပတ်နှစ်ခါသုံးခါလောက်တော့ ဆွေးနွေးဖြစ်တဲ့အတွက် ကိုယ့် Linux ခရီးစဉ် အတွက် အများကြီးအထောက်အကူပြုခဲ့ပါတယ်။ အဲ့ဒီမှာ စာရေးသူ Ubuntu 14.04 LTS နဲ့ ပြန်လည် စတင်ခဲ့ပါတယ်။ ကိုယ့်ကို Linux ပြန်လည် မိတ်ဆက်ပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ကတော့ Fedora သုံးတဲ့သူတစ်ယောက်ပါ။ အစပိုင်းမှာတော့ Ubuntu 14.04 LTS desktop Linux ကိုသာ အသုံးပြုဖြစ်ပြီးတော့ Linux server ရဲ့ အစွမ်းအစတွေကို မသိခဲ့ရိုး အမှန်ပါ။ နောက်ပိုင်းမှာတော့ ကိုယ်တိုင်လေ့လာရင်း၊ ကိုယ်တိုင်သုံးစွဲသူ တစ်ယောက်ဖြစ်လာပြီးတဲ့အပြင်၊ ပြန်လည်မျှဝေ သူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့ရပါတယ်။

### အမှန်အကန်သုံးစွဲသူ တစ်ယောက်အကြောင်း

အထက်မှာပြောခဲ့သလိုပဲ၊ ၂၀၁၅ ခုနှစ်၂၀၁၆ခုနှစ်မှာစပြီးတော့ စာရေးသူ Linux ကိုထဲထဲဝင်ဝင်အသုံးပြုလာပြီးတော့၊ Linux အကြောင်းကိုအများကြီးလေ့လာဖို့ရာဖြစ်လာပါတော့တယ်။ ဟိုရှာဖတ်ဒီရှာဖတ်နဲ့ နည်းနည်းပိုသိလာသလို၊ Linux ကိုလက်တွေ့မှာ ကိုယ်အတွက် အသုံးဝင်လုပ်မလဲဆိုတာ သိဖို့အတွက် Linux Foundation က course တွေကို ကိုယ်အားတဲ့ အချိန်တိုင်းမှာလေ့လာခဲ့ပါတယ်။ နောက်တော့… ၂၀၁၆ခုနှစ်ကုန်ခါနီးလောက်မှာတော့ ဒီ Linux နဲ့ ပတ်သတ်တဲ့ post လေးတွေကို ပြန်လည်မျှဝေဖို့အတွက် စဥ်းစားမိရာကနေ စတင်မိခဲ့ပါတယ်။ ကိုယ်တိုင်လည်းအများကြီးမသိသေးလို့ basic ပဲလုပ်မယ်ကွာ၊ basic နဲ့ပဲစမယ်ကွာ ဆိုပြီးတော့ itmatic101 ဆိုပြီးတော့ ရွေးချယ်ခဲ့ပါတယ်။ နောက်တစ်ခုက ကိုယ်တိုင်ကလည်း coding သမားတစ်ယောက် မဟုတ်တဲ့အတွက် Linux နဲ့ Linux ရဲ့project လေးတွေမှာ ဘယ်ကနေ ဘယ်လိုစပြီးတော့ contribute လုပ်ရမလဲဆိုတာလည်း မသိလို့၊ ဒီလို Linux နဲ့ ပတ်သတ်တဲ့ အကြောင်းလေးတွေ ရေးဖြစ်ရင် မသိသေးတဲ့သူတွေသိလာမယ်၊ သိပြီးတဲ့သူတွေလည်း Linux ရဲ့ ecosystem ကို ဒီထက်ပိုပြီးတော့ appreciate လုပ်နိုင်အောင်လို့ စဥ်းစားမိလို့ အချိန်ရတိုင်း စာတွေပြန်ရေးဖြစ်ခဲ့ပါတယ်။ အဓိက အနေနဲ့တော့ Linux ဆိုတာကို လူတွေပိုသိလာအောင်လို့ ရည်ညွန်းပြီးတော့ community ကို တဘက်တလှမ်းကနေ contribute လုပ်မယ်ဆိုပြီးတော့ အကြံရခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီ blog ကိုစတင်ခဲ့ကတည်းက monetize လုပ်ဖို့ လုံးဝအစီအစဉ် မရှိပါဘူး။ ကိုယ်သိတဲ့ဟာကို ကိုယ်တိုင်ချရေးရင်း ကိုယ့်အတွက်လည်း note တစ်ခုအနေနဲ့ ဖြစ်သလို၊ ကိုယ့်လိုမျိုး စိတ်တူကိုယ်တူတွေ ရှာဖွေရင်း ဖတ်လို့ရအောင်လို့ အခုလို စာတွေကို ရေးဖြစ်ပါတယ်။

Blog တွေစရေးတုန်းက အထက်မှာပြောသလိုပဲ၊ Linux ရဲ့ distro တွေ အကြောင်းကို ရေးဖို့ရာအတွက် ကိုယ်ရွေးထားတဲ့ distro တွေကို VM ပေါ်မှာ install လုပ်ပြီးတော့ စမ်းသပ်အသုံးပြုရပါတော့တယ်။ အချိန်လည်းအများကြီးသုံးရသလို အများကြီးလည်းပိုသိလာရတဲ့အပြင် ကိုယ်တိုင်လည်း Nix နဲ့ပတ်သတ်လာရင် တော်တော်လေးကို ကြွေခဲ့တဲ့ အထိဖြစ်လာပါတော့တယ်။ နောက်ပိုင်းတော့ အိမ်မှာသုံးတဲ့ server ကိုလည်း Linux တင်၊ ကိုယ့်အိမ်က firewall/router ကိုလည်း BSD ကိုအခြေခံထားတဲ့ pfSense ပြီးတော့ OPNsense တင်ပြီးတော့အသုံးပြုဖြစ်ပါတယ်။ နောက်ပြီးတော့ raspberry pi 3 ထွက်ကာစတည်းက တစ်လုံးဝယ်ထားပြီးတော့ ကိုယ့်အိမ်မှာ လိုအပ်တဲ့ ဟာလေးတွေကို ဆင်ပြီးတော့မှ အသုံးပြုဖြစ်ပါတယ်။ အကောင်သေးသလောက် အစွမ်းလည်း တော်တော်ထက်တဲ့ RPI 3 လို့ဆိုရမှာပါ။ ကိုယ်တိုင်အသုံးပြုရင်နဲ့ administer လုပ်ရင်း သိလာတာတစ်ခုက၊ Windows လိုမျိုး proprietary လိုမျိုး OS တွေထက်အများ ထိန်းသိမ်းရတာလွယ်ပြီးတော့၊ troubleshoot လုပ်ဖို့လိုရင်လည်း community တွေမှာရနိုင်တဲ့ resource တွေက proprietary တွေထက် ပိုပြီးတော့ ပေါများတာကို သိလာရပါတယ်။ Linux ရဲ့ community တွေကတော့ Linux မှာရနိုင်တဲ့ အကောင်းဆုံးသော အရာလို့ပြောရင်လည်း မမှားပါဘူး။ ၂၀၁၇ ခုနှစ် ၂၀၁၈ခုနှစ်မှာတော့ စာရေးသူအသုံးပြုတဲ့ computer တွေ laptop တွေမှာ Linux ကိုပဲ standalone install ပါတော့တယ်။ အဲ့ဒီ မတိုင်ခင်ကတော့ Windows host ပေါ်မှာမှ VM တင်ပြီးတော့ သုံးရင်သုံး၊ အဲ့ဒါမှမဟုတ်ရင် Windows နဲ့ Linux ကို dual boot တင်ပြီးတော့ သုံးပါတယ်။ နောက်မှာတော့ Windows update ရဲ့နှိပ်စပ်တဲ့ ဒဏ်နဲ့ GRUB ကို ပြန်လည် ခဏခဏပြင်ရတာကို မလိုချင်တော့လို့ Windows ကို အပြီးအပိုင်း စွန့်ခွာခဲ့ပါတော့တယ်။ ကိုယ်သုံးတဲ့ စက်တွေအပြင် စာရေးသူ အဖေသုံးတဲ့ laptop အဟောင်း နဲ့ ညီဖြစ်သူရဲ့ Windows တင်သုံးရင် အရမ်းလေးတဲ့ laptop တွေပေါ်မှာ Linux distro ပေါင်းစုံကို install လုပ်ပေးပြီးတော့ စမ်းသပ် အသုံးပြုစေခဲ့ပါတယ်။ အားလုံးအဆင်ပြေတဲ့အတွက် သူတို့လည်း Windows ဘက်ကိုပြန်မရောက်တော့ပါဘူး။ အောင်မြင်တဲ့ Linux adoption လို့ဆိုရမှာဖြစ်ပါတယ်။ အခုဆိုရင် စာရေးသူ အလုပ်မှာသုံးတဲ့ Laptop နဲ့ ညီဖြစ်သူရဲ့ Gaming PC နှစ်ခုသာ Windows ကျန်ပါတော့တယ်။

အလုပ်က laptop က specs မြင့်လို့ VMware player တင်ပြီးတော့ Linux ကို VM အနေနဲ့ run ပြီးတော့ နေ့စဉ် အသုံးပြုတဲ့ workhorse တခုအနေနဲ့ သုံးပါတယ်။ စာရေးသူရဲ့ workflow နဲ့ လက်ရှိမှာတော့ အဆင်ပြေတာကတော့ Ubuntu 18.04 LTS ပါ။ အဲ့ဒီမတိုင်ခင်ကတော့ Lubuntu ကိုတင်ပြီးတော့ သုံးပါတယ်။ အခွင့်သာရင်သာသလို ကိုယ့်အိမ်က စက်တွေမှာ Fedora၊ Manjaro နဲ့ တခြားသော အထူးအဆန်း distro လေးတွေကို လှည့်ပြီးတော့ အသုံးပြုပါတယ်။ Distro hopping လုပ်ရတာ အာရုံများပြီး အချိန်တော်တော်လေးတော့ ကုန်တဲ့ ကိစ္စပါ။ သို့သော် Linux မှာရနိုင်တဲ့ open source အခွင့်အရေး အကုန်ယူတယ်လို့ဆိုရမှာပါ။

စာရေးသူအိမ်မှာ Linux adoption အောင်မြင်တာတွေ့လို့ အလုပ်မှာကိုယ်နဲ့ team တစ်ခုတည်းမှာလုပ်တဲ့ လုပ်ဖော်ကိုင်ဖက် တွေကို Linux VM နဲ့ အလုပ်လုပ်ကြည့်ဖို့ စတင်တိုက်တွန်းရာကနေ အခုဆိုရင်ကိုယ့်ရဲ့ junior technician/engineer တွေကော senior engineer တွေပါ Linux ကိုပဲ အားကိုးပြီး နေ့စဉ် သူတို့ရဲ့ workflow နဲ့သူတို့ အလုပ်လုပ်ကြပါတော့တယ်။ စာရေးသူ နေ့တိုင်းအလုပ်မှာ Linux VM ကိုသုံးတာတွေတိုင်း ပီတိဖြစ်ရပါတယ်။ Linux နဲ့ပတ်သတ်တဲ့ support ကိုတော့ ကိုယ်တက်နိုင်သလောက် ကူညီရင်း ဖြေရှင်းရပါတယ်။ ကိုယ်လည်း အသစ်အသစ် တွေထပ်ပြီးတော့ လေ့လာရ သင်ယူရပါတယ်။ Linux server တွေကိုလည်း တချိန်တည်းမှာ ကိုယ့်အလုပ်အတွက် လိုအပ်တဲ့ နေရာတိုင်း ကိုယ်တိုင် setup လုပ်၊ ကိုယ်တိုင် sysadmin လုပ်၊ ကိုယ်တိုင် solution ရှာလုပ်လာခဲ့ရာကနေ စာရေးသူအတွက်တော့ Linux ခရီး တော်တော်ပေါက်ခဲ့တယ်လို့ဆိုရမှာပါ။

ဒါကတော့ စာရေးသူကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ Linux distro-hopper ခရီးကြမ်းပါ။ နောက်ပြန်လှည့်ကြည့်တဲအခါ မပြည့်စုံတာကို တွေ့တိုင်း အခုလက်ရှိအခြေအနေက ထင်သလောက် မဆိုးသေးဘူးလို့ သုံးသပ်မိပါတယ်။ ဒီလိုနဲ့ ဆက်လက်သင်ယူဖို့အတွက် ခွန်အားအသစ်အသစ် တွေဖြစ်ရပါတယ်။ စာဖတ်သူတွေလည်း နည်းပညာလောကကြီးရဲ့ ပင်လယ်ကွေ့ တစ်ခုတစ်ခုစီမှာ စီးမျောလိုက်ပါရင်း ကမ်းမကပ်သွားမိအောင် ခွန်အားအသစ်တွေရနိုင်ပါစေသော်။


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/linuxbsd/linux-distro-hopper-journey.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
