Open Source ကောက်ကြောင်း – အပိုင်း( ၂)
Last updated
Last updated
အရှေ့ကအပိုင်းမှာ open source နိဒါန်းဆိုပြီးတော့ World Wide Web နဲ့ Sir Tim Berners-Lee အကြောင်းတွေပဲ ပြောသွားတယ်။ ဘာကြောင့်လည်းဆိုတော့ လက်ရှိအချိန်ထိ အကျုံးဝင်ပြီး သက်သေပြစရာ open system တစ်ခုအဖြစ် သက်သေထူနေသေးလို့ပါ။ Open source ဟာ World Wide Web ကနေစတင်လာရသလားဆိုတော့။ မဟုတ်ပါဘူး။ စိတ်ဝင်စားဖို့ကောင်းတာ ၁၇ ရာစုလောက်ကတည်းက လူ့အဖွဲ့အစည်းတစ်ခုထဲမှာ open source သို့မဟုတ် openness ကိုတွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီလို့ဆိုပါတယ်။ အရှေ့မှာ စာရေးသူ ရည်ညွှန်း ကောက်နှုတ်ထားတဲ့ npr က TED Radio Hour က Open Source World ဆိုတဲ့ အစီအစဉ်ကိုပြန်ပြီးတော့ ဆက်ပါရစေ။
Clay Shirky ဆိုတဲ့ အမေရိကန်စာရေးဆရာ တစ်ယောက်က လူတွေ online ပေါ်မှာဘယ်လိုမျိုး အပြန်အလှန် အဆက်အဆံ လုပ်ကြသလဲဆိုတာ လေ့လာပါတယ်။ သူက open source ဆိုတဲ့ အရာက ဟိုအရင်ကတည်း ၁၇ ရာစုနှစ်မှာ အင်္ဂလန်နိုင်ငံတွင်း ပေါ်ပေါက်လာခဲ့တယ်လို့ဆိုပါတယ်။ TED Talk မှာတော့ သူက သိပ္ပံဂျာနယ်တစ်ခုပြပြီးတော့ အောက်ကအတိုင်းရှင်းပြသွားပါတယ်။
“This is the cover of Philosophical Transactions, the first scientific journal ever published in English in the middle of the 1600s. And it was created by a group of people who’d been calling themselves the invisible college – a group of natural philosophers who only later would call themselves scientists. And they wanted to improve the way natural philosophers argued with each other. And they needed to do two things for this. They needed openness. They needed to create a norm which said, when you do an experiment, you have to publish not just your claims but how you did the experiment. If you don’t tell us how you did it, we won’t trust you. But the other thing they needed was speed. They had to quickly synchronize what other natural philosophers knew, otherwise you couldn’t get the right kind of argument going. The printing press was clearly the right medium for this, but the book was the wrong tool. It was too slow. And so they invented the scientific journal as a way of synchronizing the argument across the community of natural scientists.” — Clay Shirky —
အနီးစပ်ဆုံး ဘာသာပြန်ရရင်တော့…
“ဒါကတော့ ၁၆၀၀ ခုနှစ် အလယ်လောက်တုန်းက အင်္ဂလန်နိုင်ငံမှာ ထုတ်ထားတဲ့ ပထမဆုံးသော သိပ္ပံဂျာနယ် Philosophical Transactions (ဒဿန ခြင်းရာများ လို့သာသာပြန်ရမယ် ထင်ပါတယ်။) ရဲ့ စာအုပ်အဖုံးပဲဖြစ်ပါတယ်။ သူတို့ကို သူတို့ Invisible College လို့ခေါ်တဲ့ သဘာဝ ဒဿန ပညာရှင် လူတစ်စုက စတင်လိုက်ပြီး၊ နောက်ပိုင်းမှာတော့ သူတို့ဟာ ကိုယ့်ဟာကို သိပ္ပံပညာရှင်များရယ်လို့ ပြောင်းလဲခေါ်ဆိုလာခဲ့ကြပါတယ်။ သူတို့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အငြင်းအခုံလုပ်ကြတဲ့အခါ လက်ရှိမှာထက်ပိုပြီးတော့ ကောင်းမွန်အောင် စွမ်းဆောင်ကြပါတယ်။ အဲ့ဒီအတွက် သူတို့မှာ လုပ်စရာ နှစ်ခုရှိပါတယ်။ သူတို့ ပွင့်လင်းမြင်သာခြင်း ကိုလိုချင်တယ်။ သူတို့ စံချိန်စံညွှန်း တစ်ခုကို သတ်မှတ်ပေးဖို့လိုအပ်နေပြီးတော့၊ ၄င်းမှာ စမ်းသပ်မှုတစ်ခုကိုလုပ်တော့မယ်ဆိုရင် ထိုသူသည် ဤသို့ဖြစ်သည်ဟု ပြောရုံနဲ့ မလုံလောက်တော့ပဲ မည်သို့မည်ပုံ စမ်းသပ်ပုံကို ထုတ်ပြန်ရမယ်ဆိုတဲ့ စံစနစ်တစ်ခုပါ။ ထိုသို့ မည်သို့ လုပ်ပုံလုပ်နည်းကို မဖော်ပြပါက၊ အခြားသူတွေက အယုံအကြည်မရှိရလို့ ဆိုပါတယ်။ သို့သော် တပြိုင်နက်တည်းမှာပဲ အချိန်တိုတိုအတွင်းမှာ ပြီးဖို့ရာ မြန်ဆန်ဖို့လည်း လိုအပ်ပြန်ပါတယ်။ သူတို့ တစ်ယောက်သိတဲ့အရာ နောက်ပညာရှင်တစ်ယောက် အချိန်တိုအတွင်းမှာ ညီတူညီမျှ သိဖို့ရာ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ စစ်မှန်တဲ့ ငြင်းခုံမှုမျိုး မရနိုင်တော့ပါဘူး။ ဒါတွေအားလုံးအတွက် ပုံနှိပ် ရိုက်ထုတ်မှုဟာ မှန်ကန်တဲ့ ကြားခံဆိုတာ ထင်သာမြင်သာရှိခဲ့ပေမယ့်လည်း၊ စာအုပ်ကတော့ လွဲမှားတဲ့ ကိရိယာတစ်ခုဖြစ်ခဲ့ပါတယ်။ အရမ်းကိုနှေးလွန်းတာကြောင့်ပါ။ အဲ့ဒါကြောင့်လည်း သူတို့ဟာ သိပ္ပံဂျာနယ် ဆိုတဲ့ဟာကို သူတို့နည်းတူ အခြားသော သဘာဝ သိပ္ပံ ပညာရှင် လူအဖွဲ့အစည်းအတွင်းမှာ ထိုအဖြေရှာ ငြင်းခုံခြင်းတွေကို တပြိုင်နက်တည်း ဖြန့်ဖို့ရာအတွက် တီထွင်လိုက်ကြပါတယ်။” — Clay Shirky —
အထက်က Clay Shirky ပြောသွားပုံကိုထောက်ကြည့်လိုက်ရင် ၁၇ ရာစုနှစ်ကတည်း သိပ္ပံပညာရှင်တွေဟာ တစ်ကိုယ်တည်း စဉ်းစားတာထက် လူအများကြီးပါဝင်ပြီးတော့ ဝိုင်းစဉ်းစားတဲ့ openness တစ်ခုကို ရှာဖွေဖို့ရာ ပြင်ဆင်လာကြတဲ့ သဘောရှိပါတယ်။ သို့ပေမယ့်… သူဆက်ပြီးတော့ ပြောသွားပုံအရတော့ အဲ့ဒီမတိုင်ခင် အချိန်ကတော့ သိပ္ပံပညာရှင်တွေဟာ မိမိတို့သိထားသမျှ တက်ထားသမျှကို ဘယ်သူနဲ့မှ မမျှဝေပဲနဲ့ထားကြပါတယ်။ နောက်မှ အသစ်ရောက်လာတဲ့ သိပ္ပံပညာရှင်တွေအတွက်တော့ အရှေ့မှာ သူတို့ဆရာတွေ သိထားတဲ့ဟာတွေထဲမှာမှ ပြန်ပြီးတော့သင်ပေး သလောက်သာ လေ့လာဆည်းပူးရပါတယ်။ ကိုယ်ဟာကို လေ့လာချင်လို့ ဟိုစာအုပ်ရှာဖတ် ဒီစာအုပ်ရှာဖတ်ချင်လို့တောင် မရှိကြပါဘူးတဲ့။ ဘယ်လောက်တောင် သိုဝှက်လိုက်ကြသလဲ။ ဒါပေမယ့်လည်း တချိန်မှာသူတို့ သိလာတဲ့ဟာကတော့ ဒီအတိုင်းဆက်သွားရင် သူတို့နယ်ပယ်ထဲမှာ အများကြီးတိုးတက်လာစရာ မရှိဘူးဆိုတာပါပဲ။ ဒါကြောင့် ကမ္ဘာအရပ်ရပ်က သူတို့နည်းတူ သိပ္ပံနယ်ပယ်မှာ ကြင်လည်နေကြတဲ့ သူတွေနဲ့တိုင်ပင်ဆွေးနွေး ငြင်းခုံရမှ ပိုပြီးတော့ တိုးပွားစရာရှိမယ်လို့ ယုံကြည်လာကြပါတယ်။ Openness နဲ့ Open Source ဆိုတဲ့ ideology ကရှိနေပြီးသားဆိုတာအခုသိပြီး၊ နောက်တစ်ခုက အလုပ်ဖြစ်သလား လို့မေးရင် ဖြစ်လို့ပဲ အခုအချိန်ထိ work journal တွေ thesis တွေ ရေးပြီးတော့ ideas တွေကို မျှဝေကြ၊ ဖလှယ်ကြနဲ့ အခုအချိန်ထိ ထိုဝိညာဉ်က အသက်ရှိနေတုန်းလို့ဆိုရမှာပါ။
Clay Shirky နဲ့ interviewer က အမေးအဖြေကို ဒီ Link မှာသွားကြည့်လို့ရပါတယ်။ အဲ့ဒီ podcast မှာပဲ နောက်အပိုင်း သုံးပိုင်းမှာတော့ Open Source concept နဲ့ Argentina မှာ နိုင်ငံရေးလှုပ်ရှားသူတွေ ဘယ်လိုလက်တွေ့မှာ အသုံးချသလဲဆိုတာရယ်၊ အိမ်ဆောက် တဲ့အခါမှာ Architecture ပိုင်းမှာကော Open Source မှာလိုပဲ ဆွဲပြီးသား design တွေကို နောက်တစ်ယောက်က အလွယ်ကူယူပြီး အသုံးပြုနိုင်အောင်လို့ ဘယ်လိုမျှဝေသလဲဆိုတာရယ်၊ နောက်ဆုံးတစ်ခုမှာ အပျော်တမ်း ရေအောက်ရှာဖွေရေး project တစ်ခုမှာ အသုံးပြုဖို့ ရေငြုပ်သင်္ဘောအသေးစား တစ်ခုကို အစျေးအသက်သာဆုံးဖြစ်အောင် ကိုယ်တိုင် တည်ဆောက်တဲ့ အခါမှာ လိုအပ်တဲ့အစိတ်အပိုင်းတွေကို သိသလောက် ဝိုင်းဝန်း မျှဝေကြရင်နဲ့ သူတို့ရဲ့ open source community အဆင့်ဆင့် ကြီးလာပုံကို စိတ်ဝင်စားစရာ ဆက်ပြီးတော့ ရှင်းပါတယ်။ အဲ့ဒီ podcast အစအဆုံးကို နားထောင်ချင်ရင်တော့ ဒီ Link မှာသွားပြီးတော့ နားဆင်နိုင်ပါတယ်။
အခုအချိန်ထိ အချို့လူတွေကိုယ်တက်တဲ့ပညာကို လျှို့ထားကြတာရှိနေတုန်းပါ။ Open Source ဟာ တိုးတက်မှု အဟုန်ကို အဆတိုးမြန်အောင် စွမ်းဆောင်နိုင်သလားဆိုတာ ကိုတော့လက်ရှိ စာရေးသူတို့ proprietary နဲ့ open source product တွေယှဉ်ကြည့်လိုက်ရင် ထင်ထင်ရှားရှားမြင်နိုင်မယ်လို့ထင်ပါတယ်။၊ ဥပမာတစ်ခုပြရမယ်ဆိုရင် Linux ရဲ့ open source community ဟာ နည်းပညာလောကထဲက အကောင်းဆုံးဆိုတဲ့ အရည်အချင်းရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူအဖွဲ့အစည်းတစ်ခုပါ။ သူတို့တစ်ယောက်ချင်းစီရဲ့ ထက်မြက်မှုကြောင့် စာရေးသူတို့ docker တို့ kubernete တို့ကို Linux ပေါ်မှာ native run လို့ရပါတယ်။ Windows မှာ run ချင်ရင်တော့ Linux kernel တစ်ခုကို ကြားခံအနေနဲ့ လိုအပ်ပါလိမ့်မယ်။ ဒီတစ်ခုတည်းနဲ့တင် open source ဘက်မှာ အရှိန်ကောင်းခဲ့သလဲဆိုတာကို မှန်းဆလို့ကြည့်နိုင်ပါတယ်။
စာရေးသူ အရှေ့မှာ open source ဆိုပြီးတော့ တောက်လျှောက်သုံးနှုန်းလာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးလည်း ရင်းနှီးပြီးသားအသုံးအနှုံး တစ်ခုဖြစ်နေလို့ပဲဖြစ်ပါတယ်။ မသိသေးရင်တော့လည်း အခုလောက်ထိဖတ်လာပြီးပြီဆိုရင်ဖြင့် သိသင့်သလောက်တော့ ရိပ်ဖမ်းသံဖမ်း ရှိလိမ့်မယ်တော့ စာရေးသူ မျှော်လင့်ပါတယ်။ အမှန်တကယ်တော့ software developer တွေကြားမှာ open source လို့မခေါ်ခင်က Richard Stallman (RMS) ကြီးရဲ့ Free Software Movement ကနေတဆင့်ဆင်းသက်လာလို့ Free Software ဆိုပြီးတော့ တချိန်က ခေါ်ဆိုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ Free ဆိုတဲ့ အသုံးအနှုံးက အဓိပ္ပာယ် နှစ်မျိုးထွက်နေလို့ open source software ဆိုပြီး ခေါ်ဆိုလာကြတာအခုထိတိုင်အောင်ပါပဲ။ အခုတော့ open source ဆိုပြီးတော့ လူသိများလာပါတယ်။ Free Software ကနေ open source ရယ်လို့ software developer တွေကြားမှာ အသိများအောင် advocate လုပ်တဲ့သူတွေရှိပါတယ်။ သူတို့အဖွဲ့ကပဲ နောက်ပိုင်းမှာ open source initiative ဆိုတဲ့ brand name နဲ့ open source software တွေကို ဆက်ပြီးတော့ advocate လုပ်ပါတယ်။ သူတို့အဖွဲ့ထဲက Eric Steven Raymond (ESR လို့လည်းအတိုကောက်သိကြပါတယ်။) ဆိုရင် The Cathedral and the Bazaar စာအုပ်ရေးသားခဲ့တဲ့ အမေရိကန် software developer စာရေးဆရာ တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ စာအုပ်ကတော့ software developer တွေကြားမှာ စတင်ထုတ်ဝေကတည်း တော်တော်လေးကို ရေပန်းစားခဲ့တဲ့ စာအုပ်လည်းဖြစ်ပါတယ်။ စာအုပ်ရဲ့ အကြောင်းအရာကတော့ software development model နှစ်ခု ကွာခြားပုံ ကိုအသေးစိတ် ဆွေးနွေးထားဖြစ်တဲ့ အတွက် စိတ်ဝင်စားဖို့တော်တော်လေးကို ကောင်းပါတယ်။ သူက GNU Emacs နဲ့ GCC လိုမျိုး software တွေကို the Cathedral model (ခမ်းနားလွန်းလှတဲ့ ဘုရားကျောင်းတော်ကြီး) နဲ့ နှိုင်းယှဉ်ပြီးတော့ Linux kernel လိုမျိုး internet ပေါ်မှာ publicly မျှဝေထားတဲ့ software project တွေကိုတော့ the Bazaar model (အများသူငှာ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် လာရောက်လည်ပတ်နိုင်တဲ့ စျေးဆိုင်တန်းလေး) နဲ့ နှိုင်းယှဉ်ထားတာပဲဖြစ်ပါတယ်။ the Cathedral model မှာတော့ software release တစ်ခုထွက်တဲ့အခါမှသာ သူ့ရဲ့ source code ကို software အတူ release လုပ်တာဖြစ်ပါတယ်။ အဲ့ဒီ release တစ်ခုနဲ့တစ်ခု ကြားမှာတော့ ဘာ source code မှ public ကို မချပြပဲနဲ့ အတွင်းမှာရှိတဲ့ အခရာကျတဲ့ developer တွေသာ access လုပ်နိုင်ပါတယ်။ the Bazaar model မှာတော့ software project တစ်ခုစတင်ကတည်းက စလယ်ဆုံး အကုန်လုံးကို public ကိုချပြပြီးတော့ တက်နိုင်တဲ့သူ တွေအကုန်လုံး ဝိုင်းပြီးရေးကြတဲ့ Linux kernel လို project မျိုးနဲ့ ဥပမာပြပါတယ်။ programmer ကောင်းတစ်ယောက်ဖြစ်ဖို့ကို လိုအပ်တဲ့ ကျင့်ဝတ်တွေနဲ့ စိတ်ဓာတ်ကျင့်စဉ်တွေကိုလည်း အသေးစိတ် ချဲ့ကားပြီးတော့ ရှင်းပြထားတာစိတ်ဝင်စားဖွယ်ပါ။
Eric Steven Raymond လိုပဲ အခြားသော သူနဲ့အတူ open source ကို advocate လုပ်တဲ့ သူတွေလည်း ရှိပါတယ်။ Linus Torvalds ကလည်း open source software ဆိုတာကို လက်ခံပါတယ်။ အစပိုင်းမှာတော့ Richard Stallman (RMS) လည်း open source ဆိုတာလက်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ free software လို့သာဆက်လို့ ခေါ်သင့်ကြောင်းဆိုလာပြန်ပါတယ်။ Freedom ကလာတဲ့ free ကိုဆိုလိုတာဖြစ်ပြီးတော့ အလကားသောက်ရတဲ့ free beer လိုမျိုး မဟုတ်ဘူးလို့ဆိုပါတယ်။ Richard Stallman ကြီး open source နဲ့ free software ဟာ သဘာဝလည်း မတူသာကြောင့် မရောချသင့်ဘူးဆိုပြီးလည်း သူ့ရဲ့ interview တော်တော်များများမှာဆိုပါတယ်။ သူ့ကို လူ့ဂွစာ တစ်ယောက်အနေနဲ့ နည်းပညာသမားတွေက သိထားကြပါတယ်။ ဟိုတလောကပဲ သူမဆင်မခြင် ပြောဆိုမှုတွေကြောင့် Free Software Foundation နဲ့ MIT ကနေပြီးတော့ နှုတ်ထွက်ဖို့ကို လူတွေက ဝိုင်းပြီးတော့ ဖိအားပေးခြင်းကိုခံခဲ့ရပါတယ်။ စာရေးသူကတော့ Richard Stallman ကြီးကို Free Software / Open Source Software ဆိုတာကို အသက်သွင်းပေးလိုက်တာတစ်ခုတည်းနဲ့ကို ကျေးဇူးတင်ရမယ်လို့ မြင်မိပါတယ်။ တချို့လည်း သူ့ကို ခါးခါးသီးသီးဖြစ်နေတာကို တဘက်ကနေပြန်ပြီးတော့ လက်ခံပေးရမှာပါပဲ။ ဒီလူလုပ်ပေးခဲ့လို့ နောင်လာနောင်သားတွေ open source အတွက် လမ်းပွင့်သွားတာဆိုလည်း မလွန်ဘူးလို့ထင်ပါတယ်။
သူတို့နှစ်ခုလုံးဟာ တစ်လမ်းတည်းကိုလျှောက်လှမ်းကြတဲ့ အမြင်မတူလို့၊ အတ္တလေးတွေ အပြန်အလှန်ကိုင်ဆောင်ထားလို့ မတည့်နိုင်သေးတဲ့ ညီအကိုတွေပါ။ ယုံကြည်ချက်ခြင်းတူပေမယ့်၊ ချဉ်းကပ်ပုံခြင်းကွာလို့ tribalism လို့ခေါ်တဲ့ ကိုယ့်အဖွဲ့ ကိုယ်အသင်းနဲ့သာ သီးသန့် သတ်သတ်စီ နေထိုင်ကြပြီး၊ ကိုယ့်ဟာမှ ကိုယ့်ဟာ အကောင်းမြင်တတ်တဲ့ ကိစ္စလေးတွေအများကြီးရှိခဲ့ကြပါတယ်။ ရေပူရအားဖြင့် Open Source Initiative (OSI) ရဲ့ ချဉ်းကပ်ပုံက ပိုပြီးတော့ ငြင်ငြင်သာသာရှိပါတယ်။ Free Software Foundation ကို ဦးဆောင်တဲ့ Richard Stallman ကတော့ Free Software ဖြစ်ဖို့ရာအတွက် အချက်ကြီးလေးချက်လိုအပ်တယ်လို့ဆိုပါတယ်။ အဲ့ဒီ အချက်တွေကို အခြေခံပြီးတော့ GNU GPL ကို သတ်မှတ်ပေးပါတယ်။ Open Source Initiative (OSI) ကတော့ business friendly ဖြစ်တဲ့ ချဉ်းကပ်ပုံနဲ့ အခြေခံအုတ်မြစ် ၁၀ ခုကိုသတ်မှတ်ပါတယ်။ ပြီးတော့ သက်ဆိုင်ရာ software license အမျိုးအစားတွေကို ထပ်ပြီးတော့ ချမှတ်ပေးပါတယ်။ အလျှော့အတင်း ကတော့ သူတို့ license အမျိုးအစား တစ်ခုချင်းစီမှာရှိပါတယ်။ ဒါလေးတွေကိုလည်း အပြန်အလှန် လက်ညိုးထိုးပြီးတော့ ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ နှစ်ဖွဲ့လုံးဘက် software development ဘက်မှာကောင်းစေလိုတဲ့ စိတ်နဲ့ တည်ဆောက်လာခဲ့ကြတာပါ။ တခါတလေတော့လည်း အမှန်အမှား အဖြူအမဲ ဆိုပြီးပဲရှိတာမဟုတ်ပါဘူး။ အဲ့ဒီနှစ်ခုကြားထဲမှာ အရောင်စုံရှိနိုင်တဲ့ သက်တန့်ရောင်စင်တန်းလိုလည်း အဖြေအများကြီးရှိနိုင်တာကို စာရေးသူတို့လက်ခံ နိုင်ရမှာပါ။ နောက်ပိုင်းမှာတော့ ဒီလိုမလိုအပ်တဲ့ conflict တွေရှိနိုင်တာကြောင့် Free and Open-source Software (FOSS)၊ တဖန် Free ဆိုတာကို ပိုမိုရှင်းစေလိုလို့ Free/Libre and Open-source Software (FLOSS) ဆိုပြီးတော့ အမျိုးမျိုးမှည့်ခေါ်ကြပါတယ်။
ဒီလောက်ထိ open source ဆိုတဲ့အရာကို ဇစ်မြစ်လိုက်ပြီးတဲ့နောက်၊ အားလုံးလည်း စိတ်ကျေနပ်မယ်လို့ထင်ပါတယ်။ Open-source နဲ့ ပတ်သတ်ပြီး ဆွေးနွေးစရာတွေကတော့ အများကြီးပါ။ အပြောလွယ်သလောက် အကျယ်ချဲ့ရေးရင် သမုဒ္ဒရာ ပမာ ကျယ်ပျောလွန်းပါတယ်။ ဒီ post မှာတော့ Open Source World ဆိုတဲ့ podcast လေးတစ်ခုကနေ ကောက်နှုတ်ပြီးတော့ စာရေးသူ ချရေးထား အရာလေးတွေပါ။ ဒီမှာပဲ Open Source ကောက်ကြောင်းကို နှစ်ပိုင်းထဲနဲ့ရပ်လိုက်ပါတော့မယ်။