> For the complete documentation index, see [llms.txt](https://my.itmatic101.com/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://my.itmatic101.com/others/wikileaks-part1.md).

# WikiLeaks ဆိုသည်မှာ အပိုင်း (၁)

ဒီဘက်ခေတ်လူတွေ ပြောနေကြ စကားတစ်ခုရှိပါတယ်။ ဒီခေတ်က Information ခေတ် အချက်အလက်တွေ သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာကို သွားကြည့်စရာမလိုပဲနဲ့ တစ်ကမ္ဘာလုံးကို ချိတ်ဆက်ထားတဲ့ အင်တာနက်ခေတ်ဆိုပြီးတော့ ပြောနေကြပါတယ်။ ပြောရတာလွယ်ပေမယ့် တကယ်တမ်း အဲ့ဒီ Information ဆိုတာက ဘယ်လောက်တောင်မှ ဒီဘက်ခေတ်လူတွေကို သက်ရောက်မှု ရှိနေပြီလဲ၊ ဘယ်လိုသက်ရောက်မှု ရှိနေပြီလဲဆိုတာကတော့ ရှင်းပြဖို့ရာတော်တော် လေးကိုခက်ခဲမယ်လို့ စာရေးသူ ထင်ပါတယ်။

<figure><img src="/files/qQldynxtuR8R4D4LFs31" alt=""><figcaption></figcaption></figure>

ဆိုပါတော့… အရင်တုန်းကတော့ လူကြီးတော့ ပြောတဲ့ Industrial ခေတ်ကို ပြန်ကြည့်လိုက်ရအောင်ဗျ။ အဲ့ဒီတုန်း ကလည်းစက်မှုလက်မှုခေတ် အလုပ်သမားတော်လှန်ရေး စက်မှုတော်လှန်းရေးဆို ပြီးနိုင်ငံတကာမှာ ရှိခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ သိပ္ပံပညာရဲ့ စူးစမ်းမှုတွေ ကြောင့် စက်ပစ္စည်းတွေ စက်မှုနည်းပညာတွေမှာ အရမ်းထွန်းကားခဲ့ပြီးတော့ materialism ဆိုတဲ့ လူတွေအတွက် မက်လောက်စရာ ပစ္စည်းတွေကို အသစ်အသစ် တီထွင်နိုင်ခဲ့ကြပါတယ်။ မော်တော်ကားလို မိုးမျှော်တိုက်တွေနဲ့ အခြားအခြားသော မရေတွက်နိုင်သော တိုးတက်မှုကြီး တရပ်ကို ကမ္ဘာလူသားများ ရှာဖွေရရှိခဲ့ပါတော့တယ်။ တဘက်မှာလည်း အဲ့ဒီတိုးတက်မှုနဲ့တပိုင်းတည်းမှာ ထွက်ရှိလာတဲ့ အမြတ်ထုတ်ခံရတဲ့ အလုပ်သမားလူတန်းစား တရပ်လည်းပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကတော့ Industrial Age မှာဖြစ်ခဲ့တဲ့ဟာကို ဒီဘက်ခေတ်ကလူတွေ သမိုင်းကတဆင့် ပြန်လည်သိရှိ သင်ယူကြရပါတယ်။ ဒါဟာ လူ့သမိုင်းအတွက် အရေးကြီးသော သင်ယူစရာများနဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေးအကြုံ တစ်ခုအနေနဲ့ စာရေးသူမြင်မိပါတယ်။ သမိုင်းဆိုတာမျိုးက တစ်ကျော့ ပြန်တတ်ပါတယ်။ ပုံစံဆင်တူတွေ ထက်ကာထက်ကာ ဖြစ်တတ်ပါတယ်။ ဒီဘက်ခေတ် Information Age မှာလည်း သတင်းအချက်အလက်တွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာပိုင်းမှာလည်း သမိုင်းမှာလိုမျိုး ခပ်ဆင်ဆင်လာဖြစ်နေပုံရပါတယ်။ Industrial Age တုန်းက စက်မှုထွန်းကားခဲ့သော်လည်း အဲ့ဒီထွန်းကားမှုတွေကို လူတိုင်းစေ့ မခံစားခဲ့ရပါဘူး။ လူကုံထံ လူချမ်းသားအသိုင်းအဝိုင်းနဲ့ အာဏာရှိသူ လူတစ်စုကသာ အပြည့်အဝ ရခဲ့ကြပါတယ်။ ဒီဘက်ခေတ် Information Age မှာလည်း အရေးကြီးတဲ့ သတင်း အချက်အလက်တွေ အားလုံးကို လူတိုင်းစေ့ သိခွင့် လေ့လာခွင့် မရပါဘူး။ ဟိုအရင်တုန်းကလိုပဲ လူချမ်းသာများနဲ့ အာဏာရှင်တွေသာ သိနိုင်စွမ်းရှိပြီးတော့ ဘယ် သတင်း ဘယ်အချက်အလက်ကတော့ ဖြင့်ဘယ်အချိန်မှာ ဘယ်လို ထုတ်ဆိုတာမျိုးတွေကို ချုပ်ကိုင်ထားဆဲပါ။ အဲ့ဒီတော့ Information ခေတ်လို့လည်းဆိုတယ် Information တွေကို ချုပ်ကိုင်ထားတဲ့ အနေအထားမျိုး၊ သမိုင်းမှာလည်း ဖြစ်ပြီးသား ဆင်တူဖြစ်ရိုးဖြစ်စဉ်ပုံစံမျိုးလက်ရှိမှာ ဒီဘက်ခေတ်ကလူတွေ ထပ်မံကြုံတွေ့နေရပြန်ပါတယ်။

<figure><img src="/files/UHJKj97acI8XZmedc8ZI" alt=""><figcaption></figcaption></figure>

အဲ့ဒီလိုချုပ်ကိုင်ထားတဲ့အတွက် အဲ့ဒါကိုတော်လှန်ဖို့ဆိုပြီးတော့ WikiLeaks ဆိုတဲ့ Information ဖြန့်ဖြူးတဲ့ platform တစ်ခုပေါ်လာပါတော့တယ်။ မရှေးမနှောင်း မှာပဲတော်လှန်ရေးမှာပါဝင်ဖို့ အတွက် Anonymous ဆိုတဲ့ hacker/cyber activist လူတန်းစားလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ WikiLeaks အကြောင်းပြောမယ်ဆိုရင်တော့ WikiLeaks ကိုတည်ထောင်ခဲ့တဲ့ Julian Assange ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်းလည်း မပြောလို့မပြီးပါဘူး။ အဲ့ဒီတော့ ဒီတပိုင်းမှာတော့ Julian Assange ဆိုတာဘယ်သူလဲ ဆိုတာနဲ့ အရင် မိတ်ဆက်ပေးချင်ပါတယ်။

<figure><img src="/files/MsK5SkXAYOdB7bDyQ4KV" alt=""><figcaption></figcaption></figure>

## Julian Assange ဆိုတာဘယ်သူလဲ

Julian Assange ကိုတော့ ဩစတြေးလျ (Australia) နိုင်ငံ၊ ကွင်းစလန် (Queensland) ပြည်နယ်ရဲ့ တောင်း(စ်)ဗေး (Townsville) လို့ခေါ်တဲ့ မြို့လေးမှာ ၃ရက်နေ့ ဇွန်လိုင်လ ၁၉၇၁ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ မိဘတွေကတော့ သူမမွေးခင်ကတည်းက ကွဲနေခဲ့ပြီးတော့ မိခင်ဖြစ်သူနဲ့ အတူနေထိုင်ပါတယ်။ သူ့အသက် ၁နှစ်သားလောက်မှာ သူ့မိခင်ဟာ သရုပ်ဆောင်တစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုပြီးတော့ ပြဇာတ်ရုံ လုပ်ငန်းငယ်တစ်ခုကို စတင်ခဲ့ပါတယ်။ ငယ်စဉ်က မိခင်နဲ့ ပထွေးက နယ်တကာ ပတ်သွားကာ ပြဇာတ်လုပ်ငန်း လုပ်ရသဖြင့် သူလည်း မိဘများနဲ့အတူ နယ်စုံလျှောက်သွားရပါတယ်။ အဲ့ဒါကိုလည်း သူအရမ်း နှစ်သက်ခဲ့တယ်လို့လည်းဆိုပါတယ်။ နယ်မြို့သေးသေးလေးမှာ ကြီးပြင်းရသည့်လူငယ်တစ်ယောက်ဖြစ်ပါတယ်။ မိခင်ဖြစ်သူမှာ သူငယ်စဉ်အခါက အဲ့ဒီအချိန်တုန်းက The Family လို့လူသိများတဲ့ အယူဝါဒ ဏိုင်း(cult) ကို ယုံကြည်လိုက်စားသည့်အလျှောက် Julian Assange တစ်ယောက်လည်း အဲ့ဒီဝါဒရဲ့ စိုးမိုးမှုအောက်မှာရှိတယ်နိုင်တယ်လို့ဆိုပါတယ်။ အဲ့ဒီဝါဒမှာတော့ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက ဆံပင် အဖြူ မျက်ခုံး အဖြူ ပြောင်းပေးခြင့်ဖြင့် ပိုမိုသန့်စဉ်စေတယ်လို့သိရပါတယ်။ အဲ့ဒါကြောင့်လည်း သူကိုများသောအားဖြင့် ဆံပင်အဖြူနဲ့သာတွေ့ရပါတယ်။ သူ့နဂိုက ဆံပင်အဖြူမဟုတ်ပါ။ ငယ်စဉ်အခါက နယ်တကာလျှောက်သွားနေသည့်အတွက် ကျောင်း ၃၆ ကျောင်းကို ပြောင်းလဲ တက်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ နောက်ဆုံးမှာတော့ မဲ(လ်)ဘန်မြို့ (Melbourne) မှာ မိခင်နဲ့ အတူပြန်လည် အခြေချနေထိုင်ပြီး Physics ကို University of Melbourne မှာတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာကျောင်း မပြီးပြန်ပါဘူး။ အသက် ၃၀ ကျော်လောက်ထိ မိခင်နဲ့ အရိပ်အောက်မှာ နေထိုင်ခဲ့ပါတယ်။

<figure><img src="/files/lHFBWED7qd2kJoVYosUT" alt=""><figcaption></figcaption></figure>

၁၉၈၇ခုနှစ်မှာတော့ Julian Assange တစ်ယောက် Mendax ဆိုတဲ့နာမည်သုံးပြီးတော့ International Subversives ဆိုတဲ့ hacking group ထဲမှာ သူစိတ်ဝင်စားပြီး ကျွမ်းကျင်တဲ့ hacking ကို အပျော်သဘောမျိုးနဲ့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပြဿနာစတက်တာကတော့ သူနဲ့ သူအဖွဲ့အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အရေးကြီးတဲ့ Pentagon လိုနေရာမှာရှိတဲ့ database ကို hack ရာကနေ စတော့တာပါပဲ။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ Department of Defence, MILNET, the US Navy, NASA တို့လို cyber security တင်းကျပ်ထားတဲ့ နေရာတွေကို hack နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဩစတြေးလျ အစိုးရက သူ့ကို hacking နဲ့ဆိုင်တဲ့ စွဲချက်ပေါင်း ၃၀ ကျော်ကျော်လောက်နဲ့ တရားစွဲခဲ့ပါတယ်။ သို့ပေမယ့်လည်း ရှေ့နေအလိုက်ကောင်းလို့ ဒဏ်ကြေးသာပေးဆောင်ပြီး အဲ့ဒီအမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ Julian ကအဲ့ဒီအချိန်တုန်းက ကမ္ဘာကြီးတစ်ခုလုံးကို ချိတ်ဆက်ထားတဲ့ အင်တာနက်ကနေ တဆင့်ကိုယ် ကြိုက်တဲ့နေရာမှန်သမျှ ကို hack လုပ်ပြီးမွှေနှောက်လိုက်ရတာကို လွတ်လပ်ခြင်းရဲ့ အရသာတမျိုးလို့ ဆိုပါတယ်။ အဲ့ဒါကိုကြည့်ခြင်းအားဖြင့် သူဟာ Cyber Activist၊ Journalist ပိုင်းမှာ လိမ္မာပါးနက်သူ ဖြစ်ရုံသာမက နည်းပညာပိုင်းမှာ ကျွမ်းကျင်သူဖြစ် တယ်ဆိုတာကိုသိနိုင်ပါတယ်။

<figure><img src="/files/lAUdYMtVQNJVJG78PQvh" alt=""><figcaption></figcaption></figure>

Julian Assange ဟာ WikiLeaks ကို ၂၀၀၆ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ WikiLeaks ရဲ့ ရပ်တည်ချက်ကတော့ နိုင်ငံတကာရဲ့ ထိပ်တန်း လျှို့ဝှက်သတင်း အချက်အလက်တွေကို လူတိုင်းသိနိုင် ဖတ်နိုင်အောင်လို့ ပြန်လည်မျှဝေဖို့ပါ။ Leak လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာ ကတော့ အဲ့ဒီ leak တွေကို သူကိုယ်တိုင် hack ယူပြီးတော့ WikiLeaks ကနေတဆင့် ပြန်လည်ဝေမျှတာ မျိုးမဟုတ်ပဲ၊ တခြား အမည်မသိသူတွေကနေတဆင့် WikiLeaks ကို submit လုပ်လာတဲ့ အချက်အလက်တွေကို လူတိုင်းဖတ်လို့ရအောင် အကုန်ပြန်တင် ပေးတာဖြစ်ပါတယ်။ သူ့ရဲ့ ယုံကြည်ချက်က submit လုပ်လာတဲ့ အချက်အလက်ကို တည်းဖြတ်မှုမလုပ်ပဲနဲ့ တင်တဲ့သူ တင်လာတဲ့အတိုင်းပြန်လည်ဝေမျှခြင်း သာလျှင် censorship ကင်းနိုင်လိမ့် မယ်ဆိုတာပါပဲ။ နောက်ပြီး ဘယ်သူ submit လုပ်လာသလဲဆိုမျိုးကိုတော့ Julian Assange တစ်ယောက်ပြန်ပြောပါဘူး။ ဒီနည်းနဲ့ အချက်အလက်ကို submit လုပ်တဲ့ source ကို အကာအကွယ်ပေးတယ်ဆိုမျိုးနဲ့ လူတော်တော်များများ submit လုပ်လာကြပါတယ်။ WikiLeaks ကို ကိုယ်က လျှို့ဝှက်အချက်အလက်ကို submit လုပ်ချင်ရင်တော့ trace လုပ်လို့ မရအောင်လို့ onion routing ကိုသုံးရမှာဖြစ်ပြီးတော့ ဘယ်သူမှ ကြားကနေဖြတ်ပြီးတော့လည်း ပို့လိုက်တဲ့အချက်အလက်ကို ဖတ်လို့မရအောင်လို့ အကာအကွယ်ပေးထားတဲ့ submission platform ပေါ်မှာ တင်ရမှာဖြစ်ပါတယ်။

WikiLeaks ကြောင့် တကမ္ဘာလုံးက leak တွေအကြောင်းကို စိတ်ဝင်တစား ဖြစ်ခဲ့ပြီးတော့ Julian Assange တစ်ယောက်နိုင်ငံတကာက ပေးအပ်တဲ့ဆုပေါင်းများစွာ ကိုရခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပ နိုင်ငံတော်တော်များများရဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေကို leak တွေအနေနဲ့ဖော်ပြပြီးတဲ့နောက်မှာတော့ Julian Assange မှာလည်း ရန်သူပေါင်းများစွာရှိလာခဲ့ ပါတယ်။ နိုင်ငံတကာ အစိုးရနဲ့ စစ်တပ်ပိုင်းဆိုင်ရာက မတရားလုပ်ထားတဲ့ လျှို့ဝှက်သတင်းတွေကို WikiLeaks မှာအခုဆို စုံစုံလင်လင်ရှိနေပါပြီ။ Julian Assange ကို အင်အားကြီးနိုင်ငံ အစိုးရတွေက အမှုဆင်ပြီးတော့ ဖမ်းဆီးဖို့ကြိုးစားနေချိန်မှာတော့ Julian Assange ဘက်ကနေ ရပ်တည်ပြီး တန်ပြန်တိုက်ခိုက်ပေးသူတွေကတော့ Anonymous ဆိုပြီးလူသိများတဲ့ hacker တွေ internet activist တွေ နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးပဲဖြစ်ပါတယ်။ Anonymous အကြောင်းကိုတော့ နောက်မှပဲအသေးစိတ် ရေးမယ်လို့တော့ စိတ်ကူးထားပါတယ်။ အခုတော့ WikiLeaks ကို စတင်တည်ထောင်ခဲ့တဲ့ Julian Assange အကြောင်းကို နည်းနည်းမိတ်ဆက်ပေးရင်နဲ့ ဒီအပိုင်းကို ဒီမှာပဲရပ်လိုက်ပါတော့မယ်။ နောက်အပိုင်းတွေမှာတော့ WikiLeaks က leak လုပ်ခဲ့တဲ့ နာမည်ကြီး လျှို့ဝှက်သတင်းကြီးတွေအကြောင်းကို ဆက်ရေးပါ့မယ်။
