Open source သင်ခန်းစာများ အပိုင်း(၂)
Last updated
Last updated
အရှေ့တပိုင်းမှာတော့ BSD ရဲ့ စတင်ပုံနဲ့ အဆင့်ဆင့် ဆင်းသက်လာရာကနေ FreeBSD တို့၊ OpenBSD တို့ ဖြစ်လာတဲ့ အကြောင်းတွေ ဆွေးနွေးခဲ့ ပါတယ်။ BSD အကြောင်းကို စရေးတုန်းကတော့ post တစ်ခုတည်းနဲ့ ဖြတ်မယ်လို့ စဉ်းစားမိခဲ့သော်လည်း တကယ်တန်းရေးချကြည့်တဲ့ အခါကြတော့မှ post တခုတည်းနဲ့ မလုံလောက်ဘူး၊ မပြည့်စုံဘူးလို့ အထင်ရှိတာကြောင့် အပိုင်းလေးတွေ ခွဲပြီးတော့ ရေးဖြစ်ပါတော့တယ်။ ဒီအပိုင်းမှာတော့ စာရေးသူ ဒီနှစ် အစပိုင်း Christchurch, New Zealand မှာပြုလုပ်သွားတဲ့ linux.conf.au 2019 ရဲ့ speaker၊ Benno Rice ဆွေးနွေးတင်ပြခဲ့တဲ့ The Tragedy of systemd ဆိုတာနဲ့ စတင်ချင်ပါတယ်။ မြန်မာလို ပြန်လိုက်ရင်တော့ systemd ရဲ့ ကြေကွဲဇာတ်လမ်းပေါ့။ Benno Rice က သူဘာဖြစ်လို့ အဲ့ဒီ နာမည်ရွေးရသလဲဆိုတာကို အခုလိုရှင်းပြပါတယ်။ ပထမဆုံးသူက Tragedy ဆိုတဲ့ဟာ အဓိပ္ပာယ်ဖွင့်ပါတယ်။ Tragedy ဆိုတာကတော့တဲ့ လူတွေကို လွမ်းဆွေးကြေကွဲမူ ခံစားချက် အနုပညာ တရပ်ရယ်လို့ အကြမ်းဖျင်း အဓိပ္ပာယ်ထွက်တယ်တဲ့။ သူကတော့ ဖျော်ဖြေရေး အနုပညာ တစ်ရပ်အနေနဲ့ သူပြောသွားမယ့် topic မှာ နားထောင်နေတဲ့သူတွေအတွက် စိတ်ကျေနပ်မူမျိုး ပေးစေနိုင်မယ်လို့ မျှော်လင့်ကြောင်း အစပြုလိုက်ပါတယ်။ နောက်ပြီးတော့ Aurynn Shaw ရေးတဲ့ Contempt Culture ဆိုတဲ့ blog post လေးကိုလည်း ဖတ်ဖြစ်အောင်လို့ ညွန်းပြန်ပါတယ်။ စာရေးသူလည်း link ကိုရှာပြီးဖတ်ကြည့်တော့ အဲ့ဒီ blog post မှာရေးထားတဲ့ အကြောင်းတွေကလည်း စိတ်ဝင်စားစရာ တွေအများကြီး ပါတာကိုတွေ့ရပြန်ပါတယ်။ Contempt Culture ဆိုတဲ့ အဓိပ္ပာယ် ဆိုတာကတော့ အထင်သေး အမြင်သေးတာ နိမ်တာ ဆိုပြီးတော့ အလွယ် ပြန်လို့ရပါတယ်။ Benno Rice က contempt culture ဟာ coding/coder တွေ ကိုယ်သုံးတဲ့ ကိုယ်သိတဲ့ programming language ကပဲကောင်းတယ်၊ အဲ့ဒါမှမဟုတ်ရင် မကောင်းဘူးဆိုတာကြီးကို အဓိကထားပြောသွားသော်လည်း အဲ့ဒီ culture က အခြားနေရာတော်တော်များမှာ လည်းပဲ ခပ်ဆင်ဆင်သွားတူနေတဲ့ အကြောင်းကိုရှင်းပြပါတယ်။
နောက်တစ်ခုက အပြောင်းအလဲ၊ Change ဆိုတဲ့ အကြောင်းကို ဆက်ပြီးတော့ ဆွေးနွေးပါတယ်။ အကြောင်းအရာကတော့ အပြောင်းအလဲဆိုတာ အရေးကြီးတယ်တဲ့၊ stable ဖြစ်လို့ မပြောင်းလဲရင်လည်း အနောက်မှာ ကျန်ခဲ့နိုင်သလို၊ ပြောင်းလဲတယ်ဆိုတာမျိုး တောက်လျှောက်ရှိနေပြန်ဖို့လည်း မကောင်းဘူးတဲ့။ လူပြတ်တွေနောက်သလို တရွာမပြောင်း သူကောင်းမဖြစ်ဆိုသော်လည်း၊ သေချင်တဲ့ ကျားကလည်း တောပြောင်းတတ်ပြန်သတဲ့။ ပြောချင်တာကတော့ အလယ်အလတ်သဘောမျိုးတာ သင့်တော်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ သူပြောသွားတဲ့ အထဲမှာ developer တွေဟာတဲ့ Change အပြောင်းအလဲနဲ့ ပတ်သတ်ပြီးတော့ ထူးဆန်းတဲ့ ပတ်သတ်မူမျိုးတွေရှိတယ်တဲ့၊ အပြောင်းအလဲဆိုရင် ကိုယ်ကစတဲ့ ကိစ္စမျိုးကတာကောင်းတယ်လို့ လက်ခံထားပြီးတော့၊ အခြားလူတွေကနေ အဲ့ဒီ အပြောင်းအလဲကို စတင်လိုက်ရင်တော့ စိတ်မချတတ်ကြဘူး untrustworthy ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် Linux distro တွေထဲမှာလည်း stable ဖြစ်လွန်းလို့ kernel တောင်လိုအပ်မှ update ပေးတတ်တဲ့distro တွေရှိသလို၊ တစ်ခုခုဆို အသစ်မို့ထည့်လိုက်မယ် ပြောင်းလိုက်မယ်ဆိုတဲ့ bleeding edge distro တွေလည်းရှိပါတယ်။ အဲ့ဒီနှစ်ခုကြားမှာ အစွန်းနှစ်ဘက်လုံး လွတ်တဲ့ distro တွေဟာ production environment တွေအတွက် အသင့်တော်ဆုံးဖြစ်လို့ ပိုပြီးတော့လည်း အောင်မြင်လာရပါတယ်။
Benno Rice ဟာ အထက်ပါ အကြောင်းလေးတွေနဲ့ အစပြုပြီးတော့ Unix ဘက်ကိုခုန်ကူးပါတယ်။ အဲဒီက အစချီလို့ ပြောသွားလိုက်တာ SystemV အကြောင်း၊ systemd အကြောင်းနဲ့ သူကိုယ်တိုင် တိုက်ရိုက်ပတ်သတ်ခဲ့ရတဲ့ FreeBSD အကြောင်းတွေကို စိတ်ဝင်စားဖွယ် ဖွဲ့နွဲ့ပြီးတော့ ပြောပြသွားပြီးတဲ့နောက် contempt culture ဆိုတာမရှိသင့်ဘူးဆိုတာနဲ့ အဆုံးသတ်ပါတယ်။ YouTube မှာကြည့်ချင်ရင်တော့ ဒီ Link ကနေပြီးတော့ ကြည့်လို့ရပါတယ်။ Contempt Culture ကိုဖတ်ချင်ရင်တော့ ဒီ Link မှာဖတ်ကြည့်နိုင်ပါတယ်။ သူပြောသွားတဲ့ အထဲမှာ SystemV ကနေ systemd ကို ပြောင်းလာတဲ့ Linux distro အကြောင်းတွေနဲ့ FreeBSD ကအခုအချိန်ထိ systemd ကို လက်ခံပြီးတော့ အသုံးမပြုသေး မပြောင်းသေးတဲ့ အကြောင်းတွေကို ပြောသွားတာ စိတ်ဝင်စားစရာပါ။ အဓိကတော့ ပြောင်းလဲခြင်းဟာ သဘာဝဆိုတာကို FreeBSD က developer တွေကိုသူပြောပြချင်တာပါ။ ပြီးတော့ systemd ကိုရေးတဲ့ Lennart Poettering ကို SystemV နဲ့ FreeBSD သမားတွေ အမုန်းမပွားသင့်ဘူး… လိုအပ်ချက်တွေကို စုပေါင်းတိုင်ပင်ပြီးတော့ အရာအားလုံးကို အဖြေရှာသင့်တယ် ဆိုတာတွေကို ပြောဆိုဆွေးနွေး သွားပါတယ်။ ဒီမှာ စာရေးသူတို့ လေ့လာသင်ယူစရာ သင်ခန်းစာကတော့ open source ကမ္ဘာမှာလည်း အကွဲအပြဲတွေနဲ့ တစ်ယောက်ကို တစ်ယောက် မုန်းကြ လက်မခံနိုင်ကြဆိုတဲ့ လူလောက သဘာဝ တရားတွေရှိတာပါပဲ။ အသစ်တခု အပြောင်းအလဲတစ်ခုလုပ်ဖို့ဆိုတာက open source community ထဲမှာဘယ်လောက်တောင် ခက်သလဲဆိုတာကို အခုလို အတွင်းထဲကလူ တွေကိုယ်တိုင် မခံစားနိုင်လို့ အခုလို ထုတ်ဖော်ပြောစရာ ဖြစ်လာရတာပါ။ developer တွေ၊ open source contributor တွေလည်းလူတွေမို့ အခမဲ့ရတဲ့ software တွေအတွက်တောင် အတ္တဆိုတာနဲ့ မကင်းပါဘူး။
ကဲ… BSD ဇာတ်လမ်းလေးအရှေ့မှာဆက်ထားတာ ပြန်ပြီးတော့ သွားလိုက်ရအောင်… အရှေ့အပိုင်း မှာပြောခဲ့သလိုပဲ ၁၉၈၀ နှောင်းပိုင်း၊ ၁၉၉၀ အစောပိုင်းလောက်မှာ BSD က lawsuit တွေနဲ့ တရားရင်ဆိုင်နေရလို့ software development ပိုင်းမှာ အားနည်းခဲ့ရပါတယ်။ Lawsuit ကြောင့် ဘာဖြစ်မယ်မှန်း မသိတဲ့ BSD project မှာလည်း contribute လုပ်တဲ့ developer တွေဟာ မရေရာတဲ့ BSD အနာဂတ် အတွက်ကြောင့်မို့ ၂နှစ် ၃နှစ်လောက် ဒီအတိုင်းပဲ ရပ်ကြည့်နေလိုက်ရပါတယ်။ ထိုကြောင့် အဲ့ဒီအချိန်က ခြံထွက် ထုတ်ကုန်ဖြစ်တဲ့ Linux လို project ကို developer တွေ ပိုမိုအာရုံ စိုက်လာကြပါတယ်။ Linux Torvalds ကိုယ်တိုင်လည်း Linux kernel ရေးဖြစ်ရတဲ့ အကြောင်းအရင်းက အဲ့ဒီအချိန်က 386BSD ရော၊ GNU kernel ရောပါ သုံးလို့ ရတဲ့ အနေအထားမျိုး မရှိတဲ့အတွက် မိမိကိုယ်တိုင် အစကနေပြန်ပြီးတော့ Linux kernel ကိုရေးခဲ့တာလို့ဆိုပါတယ်။ အကယ်လို့များ အခြားသုံးလို့ ရတဲ့ kernel အသင့်ရှိနေပြီးသားဆိုရင်တော့ Linux kernel ကိုသူ ဘာမှရေးစရာအကြောင်းမရှိဘူးလို့လည်း Linus Torvalds ကပြောပါတယ်။ Linux ဟာ အရင်းရှင်ဆန်လွန်းတဲ့ proprietary system ထဲက မွေးထုတ်ပေးလိုက်တဲ့ အဆိုးထဲက အကောင်းဆုံးသော open source project တစ်ခုဖြစ်ပြီးတော့၊ အခုချိန်ထိ အသက်ရှိရုံသာမကပဲ proprietary ကတောင် မွေးစားထားချင်တဲ့ kernel တစ်ခုဖြစ်လို့နေပါပြီ။ ဒါ့အပြင် Linux ရဲ့ သက်တမ်း တလျှောက်မှာ လိုအပ်တဲ့ ပြင်ဆင်မူတွေနဲ့ အပြောင်းအလဲတွေကို လိုအပ်ရင်လိုအပ်သလို ပြုလုပ်လာခဲ့တာကြောင့် အခုလိုနေရာမျိုးမှာ ရပ်တည်နေနိုင်တာလို့ စာရေးသူ ထင်ပါတယ်။ ဒီနေရာမှာ စာရေးသူတို့ လေ့လာသင်ယူနိုင်တဲ့ သင်ခန်းစာ မည့်သို့သောကိစ္စမှာဖြစ်ဖြစ် ကိုယ့်ဘက်က ရေချောင်းလေးတစ်ခုပမာ စီးဆင်းသင့်ပါတယ်။ Bruce Lee ရဲ့နာမည်ကြီးတဲ့ be like water ဆိုတဲ့ စကားရပ်အတိုင်း နေရာ အနေအထားပေါ်မှာမူတည်ပြီးတော့ ပြောင်းလဲသင့်ပါတယ်။ Open source မှာလည်း Linux project ဟာ နည်းပညာလောကထဲ လိုအပ်သလို လိုက်လျှောညီထွေနေနိုင်ခဲ့တယ်ဆိုတော့ ငြင်းလို့မရနိုင်တာ အမှန်ပါပဲ။
၁၉၉၃ ခုနှစ်လောက်မှာတော့ NetBSD နဲ့ FreeBSD တို့ဟာ 386BSD နဲ့ 4.4BSD-Lite တွေကစတင်ဆင်းသက်လာခဲ့ပါတယ်။ Linux kernel ကိုမှ မသုံးရင် အဲ့ဒီအချိန်က သုံးစရာဆိုလို့လည်း open source ထဲမှာ BSD-Lite နဲ့ 386BSD တို့ပဲရှိတဲ့အတွက်၊ developer တွေထဲမှာ BSD က variants တွေမှာ အားသာတဲ့ အဖွဲ့လည်းရှိပါတယ္်။ ထို့ကြောင့် OpenBSD ဆိုပြီးတော့ ၁၉၉၅ခုနှစ်မှာ NetBSD ကနေထပ်ပြီးတော့ အခွဲတစ်ခုအနေနဲ့ ထက်ပြီးတော့ ထွက်လာပါတယ်။ တပြိုင်နက်မှာဆိုသလို Sun ကထုတ်တဲ့ SunOS နဲ့ Apple က macOS ဆိုပြီးတော့လည်း proprietary တွေကနေလည်း စီးပွားဖြစ်ပုံစံတွေလည်း အသီးသီးထ္ွက်လာခဲ့ကြပါတယ္်။ BSD ကနေခွဲထွက်လာတဲ့ variants တွေတော်တော်များများကတော့ အခမဲ့ download လုပ်လို့ရပြီးတော့၊ BSD License အောက်မှာ register လုပ်ကြပါတယ်။ proprietary တွေကတော့ သူတို့ OS တွေအတွက် copyright တွေလုပ်ကြပါတယ်။
Open source ကမ္ဘာမှာတော့ feature တစ်ခုကောင်းရင် အခြားသော variants တွေနဲ့ distro တွေ အဲ့ဒီကောင်းမွေတွေကို အကန့်အသတ် မရှိခံစား စံစားရပါတယ်။ ဥပမာတစ်ခုကို ပြောရရင် Apple ရဲ့ macOS ဟာ BSD ကနေဆင်းသက်လာပြီးတော့ သူရဲ့ OS မှာ အကောင်းစား feature တွေကို develop လုပ်ပြီးတော့ macOS မှာထည့်သွင်း အသုံးပြုပါတယ္်။ သို့သော် open source မဟုတ်တဲ့အတွက်၊ proprietary ဆိုတဲ့ထုံးစံ အတိုင်း မိမိအတွက်ပဲသုံးလို့ရအောင် copyright တွေလုပ်ချလိုက်ပါတယ္်။ ဆိုကြပါတော့ အထက်မှာပြောသွားတဲ့ linux.conf.au 2019 မှာ Benno Rice ပြောသွားတဲ့ systemd အကြောင်းထဲမှာ စိတ်ဝင်စားစရာ တစ်ခုက… systemd ကို ရေးတဲ့ Lennart Poettering ဟာ ပထမဆုံး Apple ရဲ့ launchd ကို ကပ်ကြွေရတဲ့သူပါတဲ့။ သို့သော် macOS က open source မဟုတ်တာက တစ်ကြောင်း၊ Apple ရဲ့ launchd ကို macOS မှာ implementation လုပ်ထားပုံကို သဘောမတွေ့တာ တစ်ကြောင်းမို့ launchd နဲ့ ခပ်ဆင်ဆင် systemd ကို Linux kernel မှာ စတင်ဖို့ကို Red Hat ကိုတင်ပြတော့ ဘယ်သူမှ လက်မခံခဲ့ပါဘူး။ သို့သော် Lennart Poettering ရဲ့ မလျှော့သော ဇွဲလုံ့လကြောင့် နောက်ဆုံး စမ်းသပ်ကြည့်ရာကနေ RHEL မှာ နေရာပေးခြင်းခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း ကျန်တဲ့ ဖြစ်ရပ်တွေကတော့ သမိုင်းဝင်ပါ။ SysV အကြောင်းရေးတုန်းကလည်း စာရေးသူအဲ့ဒါတွေကို ချပြဆွေနွေးခဲ့ပါတယ်။ ဒီနေရာမှာ သင်ယူစရာကတော့ feature တစ်ခု၊ tool တစ်ခုကောင်းရင် ကောင်းတယ်ဆိုတာလက်ခံပြီးတော့ လိုအပ်တဲ့ change အပြောင်းအလဲ တွေဟာ Linux ecosystem တစ်ခုလုံးအတွက် တော်တော်လေးအရေးပါတယ်ဆိုတာပါပဲ။ linux.conf.au 2019 မှာ Benno Rice ကတော့ systemd ဟာ open source kernel တွေအတွက် တစ်ခုတည်းသော SysV replacement မဖြစ်သင့်ဘူး၊ ထိုနည်းတူ သို့မဟုတ် အဲ့ဒီထက်ကောင်းတဲ့ အရာတွေကို ချဲ့ထွင်ဖို့ကို စဉ်းစားသင့်တယ်ဆိုပြီးတော့ ပြောသွားပါတယ်။ လက်ရှိအချိန်ထိလည်း FreeBSD သမားတွေဟာ BSDကို အရှိတိုင်းထားရင် မဖြစ်တော့ဘူးဆိုတာကို သိထားပုံရပါတယ်။ systemd ကိုတော့ လုံးဝလက်ခံထားပုံမရပါ။ အဲ့လောက်ဆိုရင် open source ကမ္ဘာက ရှေးရိုးစွဲသမားတွေ ဘယ်လောက်တောင် ခေါင်းမာပြီးတော့ တခြားသောသူဆီက အပြောင်းအလဲစတင်မျိုးခြင်းကို မလိုလားဘူး ဆိုတာထင်ရှားပါတယ်။
လက်ရှိ BSD လို့ပြောလိုက်ရင် FreeBSD နဲ့ FreeBSD Foundation ကိုတွဲပြီးမြင်နိုင်ပါတယ်။ BSD ကို open source အသွင်ပြောင်းဖို့ Berkeley က FreeBSD community ထံမှာအပ်ပါတယ်။ BSD ကို အသက်ဆက်လိုတဲ့ သဘောလို့ထင်ပါတယ်။ အချိန်အားဖြင့်တော့ အနည်းငယ် နောက်ကျသွားခဲ့ပေမယ့် BSD code base ကိုဆက်ပြီးတော့ သုံးလို့ရတာနဲ့ community အသွင်ကိုပြောင်းယူလိုက်ပါတယ်။ တပြိုင်တည်းမှာပဲ Linux နဲ့ အရှိန်ကလည်းရ၊ သုံးတဲ့လူလည်းများတာနဲ့ FreeBSD ဟာလည်းထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။ သို့သော် FreeBSD သမားတွေဆီ မှာတော့ ဘာဖြစ်လို့ အဲ့ဒီခရီးမပေါက်ခဲ့သလဲ ဆိုတာတွေကို ရှင်းပြစရာရှိနေပါတယ်။ FreeBSD သမားတွေ ပြောတဲ့ အချက် ၂ ချက် ၃ချက်လောက်ရှိပါတယ်။ ပထမတစ်ခုက Linux ဟာ FreeBSD ထက်ပိုပြီးတော့ လူသိများရတာဟာ Linux က သူ့ branding ကို marketing မှာ အချိန်ပေးပြီးတော့ promote လုပ်တာပိုများပြီးတော့ FreeBSD ကတော့ code ဘက်မှာ ပိုပြီးတော့ သပ်ရပ်အောင် သေချာအောင်လုပ်ရတဲ့အတွက်ပါတဲ့။ နောက်တချက်က Linux ဟာ အပြင်က စီးပွားဖြစ် project တွေရဲ့ ထောက်ပံ့အားနဲ့ market ထဲမှာ လူတွေကြား ထိုးဖောက်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ ဥပမာ RHEL လို project တွေက open source ထဲမှာပါသော်လည်း Linux ကို အခြေပြုပြီးတော့ monetization ကို ရအောင်လုပ်သွားတဲ့ အထဲမှာ ပထမဆုံးဖြစ်ပြီးတော့ marketing နဲ့ promote ဘက်မှာတော်တော်လေးကို အလေးထား ခဲ့တဲ့ Linux ရဲ့external project တစ်ခုပါ။ နောက်ဆုံးတစ်ချက်ကတော့ BSD က lawsuit တွေနဲ့ ရင်ဆိုင်နေရလို့ တိုးတက်အား နှေးခဲ့ရတဲ့အတွက် Linux ကကျော်သွားတာလို့လည်း ဆိုလိုရင်း အဓိပ္ပာယ်ထွက်ပါတယ်။ ဒါ့အပြင် FreeBSD က Linux ထက်ဘာဖြစ်လို့ပိုကောင်းသလဲ၊ လုံခြုံစိတ်ချရသလဲဆိုတာတွေကိုလည်း အချက်ကျကျရှင်းပြပါတယ်။ အကျဉ်းချုပ်အားဖြင့်တော့ FreeBSD မှာ code base ကို ထိန်းချုပ်ဖို့အတွက် contributor၊ committer နဲ့ core team ဆိုပြီးတော့ ရှိပါတယ်။ Linux မှာတော့ နည်းနည်း ဗရမ်းဗတာ ဆန်တယ်၊ လူတိုင်း commit လုပ်လို့ရတယ်လို့လည်း ဆိုပါတယ်။ နောက်ပြီးတော့ performance မှာလည်း FreeBSD က ကျစ်လစ်မူရှိတာကြောင့် ပိုပြီးတော့ ပေါ့ပါးတယ်လို့လည်း ဆိုပါတယ်။ ချွင်းချက်လေးတွေတော့လည်းရှိနိုင်ပါတယ်တဲ့။
မည်သို့ပင်ဖြစ်စေကာမူ user friendly ဖြစ်တဲ့ အပိုင်းနဲ့ အသုံးပြုရတဲ့ အပိုင်းမှာတော့ Linux ကလက်ရှိမှာ FreeBSD ထက်သာတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ FreeBSD ကအားသာတဲ့ တချို့အချက်တွေတော့လည်း ရှိပြန်ပါတယ်။ ဥပမာ FreeBSD ကနေဆင်းလာတဲ့ FreeNAS လိုမျိုး storage အတွက် အထူးထုတ်ထားတဲ့ platform ဆိုရင် တော်တော် stable ဖြစ်တယ်။ Feature အပိုင်းမှာလည်း ZFS လို file system အလန်းစားလေးတွေက FreeBSD ဘက်မှာတော်တော်လေး ရေပန်းစားနေတာကြာပါပြီ။ နောက်ပြီးတော့ networking ဘက်မှာဆို Firewall ပုံစံမျိုးသုံးလို့ရအောင်လို့ pfSense တို့ OPNsense တို့ဆိုတဲ့ FreeBSD ကဆင်းသက်လာတဲ့ variants တွေရှိပါတယ်။ စာရေးသူကိုယ်တိုင် pfSense နဲ့ OPNsense လို firewall တွေကို သုံးကြည့်တာ တော်တော်လေးကောင်းပြီးတော့ အဆင်ပြေနေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ pfSense ကို Netgate ဆိုတဲ့ networking vendor တစ်ခုက ဝယ်လိုက်လို့ ကောင်းတဲ့ feature အသစ်တွေကို pfSense ရဲ့ community edition မှာ သိပ်ပြီးတော့ မတွေ့ရတော့ပါဘူး။ OPNsense ကတော့ pfSense ကို Netgate ကဝယ်လိုက်လို့ fork လုပ်သွားတဲ့ open source project နောက်တစ်ခုပါ။ OPNsense က OPN ဆိုတာကတော့ open ကိုဆိုလိုတာပါ။ အခုနောက်ပိုင်းတော့ OPNsense ကပိုပြီးတော့ feature ပိုများပြီးတော့ user interface မှာပိုပြီးတော့ ရှင်းတာကိုလည်းတွေ့ရပါတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် FreeBSD ဟာ specialized product တွေမှာ ပိုပြီးတော့ အခြေကျနေပါတယ်။ Linux ကတော့ ကိုယ်ဘာသုံးချင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကိုယ်ကြိုက်သလို သုံးလို့ရတဲ့ OS တစ်မျိုးပါ။ Linux ဟာ Swiss Army knife နဲ့ တူပြီးတော့ FreeBSD ကတော့ Butter knife နဲ့တူပါတယ်။ ကိုယ်အသုံးပြုလိုတဲ့ ပုံစံပေါ်မူတည်ပြီးတော့ သုံးရတဲ့ ပုံစံကွာသွားပါတယ်။
BSD အကြောင်းတွေလည်း post နှစ်ခုမှာရေးတာ တော်တော်လည်း ပြည့်စုံပြီလို့ ထင်ပါတယ်။ လေ့လာသင်ယူတဲ့ သင်ခန်းစာကတော့ BSD ဟာ အပြောင်းအလဲတွေကြားမှာ ဗျာများပြီးတော့ အချိန်နဲ့ တပြေးညီ မလိုက်လာခဲ့ပါဘူး။ Development မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ကြံ့ကြာ နေခဲ့ပါတယ်။ Platform တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ solid ဖြစ်တဲ့ OS တစ်ခုပါ။ စာရေးသူ အနေနဲ့ လက်ရှိရှိသမျှ ကိုယ်အသုံးပြုနေတဲ့ lab တွေ၊ test တွေ၊ production တွေမှာ Linux အစား FreeBSD ပြောင်းသုံးဆိုရင်တော့ မဖြစ်နိုင်ပါ။ BSD ဘက်ကကောင်းတဲ့ specialized product တွေဖြစ်တဲ့ FreeNAS တို့ pfSense တို့ OPNsense တို့ သုံးဆိုရင်တော့ စာရေးသူ မငြင်းနိုင်ပါ။ နောက်ပိုင်းမှာ ခြေလှမ်းကြဲလာတဲ့ Linux ကိုတော့ FreeBSD လိုက်နိုင်ဖို့တော့ အချိန်တော်တော်ပေးရအုံးမှာပါ။ သူလည်း open source / free software မို့ စာရေးသူ စိတ်ဝင်စားရပါသည်၊ ရင်ခုန်ရပါသည်၊ စောင့်မျှော်ကြည့်ချင်ပါသေးတယ်။ ရေချောင်းငယ်တစ်ခုလိုသာ open source ကထုတ်ကုန်တွေနဲ့ open source solution တွေကြားမှာ စာရေးသူ တသွင်သွင်စီးဆင်းရင်း ဒီ post ကို ဒီမှာပဲရပ်လိုက်ပါတော့မယ်။