# GNU/Linux ကိုဘာလို့ ပြောင်းသုံးသင့်သလဲ

GNU/Linux ကိုပြောင်းသုံးဖို့ ကိစ္စကို စာရေးသူကိုယ်တိုင် ဟိုအရင်တုန်းကတည်း ခဏခဏ စဉ်းစားမိပါတယ်။ ကိုယ်တိုင်းလည်း ပြောင်းသုံးဖို့တော်တော်အချိန်ယူခဲ့ ရပါတယ်။ Windows နဲ့macOS သုံးလို့ အဆင်ပြေနေတာကိုဘာလို့ ရှုပ်အောင် Linux ပြောင်းသုံးမှာလဲလို့လည်း ကိုယ့်ဟာကိုယ်ပြန်မေးမိတယ်။ ကိုယ်သုံးနေကြ software တွေ application တွေတော်တော်များက Windows မှာအကုန်ရှိပါတယ်။ သုံးတဲ့ software တွေကလည်း Windows OS ကစလို့ Adobe တို့ MS Office suite တို့ဆိုတာတွေကလည်း အကုန် crack ထားတဲ့ဟာတွေ ကြီးပဲ။ အရင်တုန်းကတော့ crack မှမသုံးလဲ သုံးစရာမရှိဘူး license ကို ကိုယ်က ဝယ်ချင်တယ်ဆိုတာတောင်မှ မြန်မာနိုင်ငံမှာ ဘယ်နားသွားဝယ် လိုက်ရမလဲ မသိဘူး။ ဆိုင်တွေမှာရောင်းတာနဲ့ ကွန်ပြူတာဆိုင်တွေ ကထည့်ပေး လိုက်တာတွေကလည်း အကုန်လုံး crack တွေကြီးပဲဆိုတော့ ဘာမှလုပ်လို့မရဘူး။ ဒါကလည်း မြန်မာနိုင်ငံတစ်ခုတည်းမှာ ဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ Asia က developing နဲ့ undeveloped နိုင်ငံတွေမှာက pirate software တွေကိုရှောင်လို့မရပါဘူး။

စာရေးသူ ကိုယ်တိုင် စသုံးတဲ့ OS ကတော့ Windows 95 ပါ။ ကိုယ်ပိုင် ကွန်ပြူတာမဟုတ်ပါဘူး။ သူများကွန်ပြူတာကို သွားသွားသုံးခဲ့ရတာပါ။ Windows 3.x တွေကိုတောင် စာရေးသူမမှီခဲ့ပါဘူး။ ကွန်ပြူတာတွေကလည်း အဲ့ဒီတုန်းစျေးတွေ အရမ်းကြီးတော့ အိမ်ကိုလည်း ဝယ်ခိုင်းရတာမလွယ်လှပါဘူး။ နောက်တော့မှ သုံးပြီးသား ကွန်ပြူတာ အဟောင်းတစ်လုံးကို စျေးကြီးပေးဝယ် ပြီးတော့ သုံးပါတယ်။ အဲ့ဒီကွန်ပြူတာကလည်း ဝယ်တုန်းက Windows ME နဲ့ပါ။ နောက်ပိုင်းတော့ Windows XP ပြောင်းပြီးသုံးပါတယ်။ အဲ့ဒီတော့ စာရေးသူကိုယ်တိုင်က Windows နဲ့အကျွမ်းဝင်ခဲ့တာပါ။ macOS ဆိုတာမျိုးက ရန်ကုန်က Forever ဆိုတဲ့ graphic သင်တန်းတက် တုန်းကသာ သုံးဖူးတာပါ။ Windows ကိုသာသုံးဖူးတဲ့ စာရေးသူကိုယ်တိုင် Linux စပြောင်းသုံးဖို့ လုပ်တုန်းက ဘာလို့ပြောင်းသုံး မှာလဲလို့ကိုယ်ဟာကို မေးခွန်းထုတ်ခဲ့ဘူး ပါတယ်။ နောက်ပိုင်း ကိုယ့် မိသားစုဝင်တွေကိုပါ Linux ပြောင်းသုံးဖို့ ပြောတော့လည်း အဲ့ဒီမေးခွန်းကို အမေးခံခဲ့ရပါတယ်။ အရင်တုန်းကတော့ Linux ဆိုတာမျိုးက geek တွေ hacker တွေသာ သုံးတယ်လို့သာ သိထားခဲ့တာပါ။ အဲ့ဒီတုန်းကတော့ install လုပ်ရတာ၊ အသုံးပြုရတာက အခုလိုမျိုးလွယ်လည်း မလွယ်ပါဘူး။ အခုတော့ တချို့Linux distro တွေက Windows တွေထက် တောင်သုံးရတာလွယ်ပါသေးတယ်။ အောက်မှာတော့ ဘာကြောင့် Linux ကိုပြောင်းသုံးသင့်သလဲဆိုတဲ့ အချက် ၁၀ ချက်ကိုဆွေးနွေးကြည့်ပါ့မယ်။ စာရေးသူ တကိုယ်ရည် အမြင်ကိုသာ ဆွေးနွေး ဖော်ပြသွားမှာဖြစ်ပါတယ်။

**၁. လွတ်လပ်စွာ အခမဲ့ download သို့မဟုတ် ကူးယူနိုင်ခြင်း**\
ပထမတစ်ချက်ကတော့ လယ်ပြင်မှာဆင်သွားသလို့ထင်ရှားလို့နေပါတယ်။ Linux ကအခမဲ့ဖြစ်ပါတယ်။ Windows လို license ကိုစျေးကြီးပေး ဝယ်စရာမလိုပါဘူး။ crack လုပ်စရာလည်းမလိုပါဘူး။ crack ဆိုတဲ့ဟာမှာ trojan ကိုတွေထည့်ပေးလိုက်နိုင်ပါတယ်။ ဒါကြောင့် ဘာမှ crack လုပ်စရာမလိုတဲ့ အခမဲ့ရနိုင်တဲ့ Linux ကိုသုံးသင့်ပါတယ်။

**၂. virus နဲ့တခြား malware တွေရန် နည်းခြင်း**\
ရန်နည်းတယ်လို့ဆိုတဲ့ နေရာမှာ virus လုံးဝ မရှိဘူးပြောခြင်း မဟုတ်ပါ။ ဒါပေမယ့် Windows တို့Mac တို့လောက်တော့ virus နဲ့malware တွေရန်မများပါဘူး။ အရင်တုန်း Apple Mac က virus ရန်မရှိဘူးလို့ လူတွေပြောကြပါတယ်။ အခုချိန်မှာတော့ အဲ့ဒီစကားဟာ မမှန်တော့ပါဘူး။ Mac မှာလည်း virus တွေရှိလာပါပြီး။ နောက်တစ်ခုက Windows မှာ OS ကို install လုပ်ပြီးတာနဲ့ Anti-virus software တစ်ခုခုကို ထည့်သွင်းပေးရပါတယ်။ တချို့ လည်း အခမဲ့ ဖြစ်ပြီး တချို့လည်း ဝယ်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် anti-virus software ဟာ system performance အတွက် မကောင်းပါဘူး။ တခါတခါ မလိုအပ်ပဲနဲ့ real-time protection လိုဟာမျိုးက Memory နဲ့ CPU utilization တွေအတွက် မကောင်းပါဘူး။ system resource မလိုအပ်ပဲနဲ့ကုန်တာပါ။ Linux မှာတော့ virus နဲ့malware ရန်နည်းတဲ့အတွက် anti-virus မလိုပါဘူး။ ရိုးရိုး user မှာလည်း root access မရှိတဲ့အတွက် user error ကနေတဆင့် မလိုလားအပ်တဲ့ script ကို run မိမှာကို သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။

**၃. အစားထိုး အခမဲ့ software နဲ့application ပေါများခြင်း**\
Windows ကပြောင်းလိုသည် ဖြစ်စေ Mac ကပြောင်းလိုသည် ဖြစ်စေ သုံးနေကျ software နဲ့application တွေကို အစားထိုးဖို့ Linux မှာမခက်ပါဘူး။ ဥပမာ MS Office Suite လို နာမည်ကြီး ပြီးလူသုံးများတဲ့ application တွေကို အစားထိုးဖို့ Linux မှာ LibreOffice ရှိပါတယ်။ စာရေးသူအနေနဲ့ LibreOffice က feature ပိုတောင်မှ စုံစုံလင်လင်ရှိတယ်လို့ခံစားရပါတယ်။ LibreOffice က open source ပါ။ အရင်တုန်း ကတော့ OpenOffice ဆိုပြီးလူ သိများတဲ့ Office Suite ပါ။

**၄. Open Source ဖြစ်ခြင်း**\
နောက်တစ်ခုကတော့ Linux က open source ပါ။ အဲ့ဒီတော့ source code ကို access လို့ရတဲ့အပြင်၊ ပြင်ချင်ရင်လည်း ကိုယ်ကြိုက်သလိုပြင်ပြီးတော့ စိတ်ကြိုက်သုံး လို့ရပါတယ်။ အကောင်းဆုံး ဥပမာကတော့ Goobuntu ကိုပြ ရပါမယ်။ Goobuntu ဟာ Ubuntu ရဲ့ LTS version တွေကို အခြေခံပြီးတော့ Google ရဲ့ အတွင်း ဝန်ထမ်းတွေသုံး ဖို့အတွက် ပြင်ဆင်ထားတဲ့ distro တစ်ခု ဖြစ်ပါတယ်။ Open source ဖြစ်လို့သာ အဲ့ဒီလို customize လုပ်ပြီး Google အတွက်သုံး လို့ရတာပါ။

**၅. Security ပိုင်းမှာပိုမို လုံခြုံမှုရှိခြင်း**\
Linux က security ပိုင်းမှာတော့ Windows ထက်ပိုပြီး တော့ လုံခြုံမှုရှိပါတယ်။ အဲ့ဒါကြောင့်လည်း server တွေတော်တော် များများမှာ Linux ကိုသုံးကျပါတယ်။ များသောအားဖြင့် Linux server တွေမှာတော့ Microsoft လို့ GUI မရှိပါဘူး။ terminal command တွေကိုသာ အသုံးပြုရပါတယ်။ desktop ထည့်ချင်လည်း ထည့်လို့တော့ ရပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ ဘယ် Linux administrator ကမှ server မှာ desktop မသုံးပါဘူး။ GUI မရှိတဲ့အတွက် attack surface နည်းသွားတယ် လို့တော့ စာရေးသူမြင်ပါတယ်။ attack လုပ်ရတာပိုပြီးတော့လည်း ခက်ခဲသွားပါတယ်။ အခုနောက်ပိုင်းတော့ Microsoft ကလည်း Linux လိုပုံစံမျိုးကို လိုက်လုပ်ပြီး core server လို့ခေါ်ပါတယ်။ powershell ကိုသုံးပြီးတော့ manage လုပ်ရပါတယ်။

**၆. အခမဲ့ Community Support နဲ့အလွန် ကောင်းမွန်တဲ့ wiki များရှိခြင်း**\
Linux က OS ကိုအခမဲ့ရ ရုံသာမက support ကို သက်ဆိုင်ရာ community ဆီကနေ အခမဲ့ရပါတယ်။ ဥပမာ Ubuntu သုံးတယ်ဆိုရင် Ubuntu Community မှာကိုယ်မသိလို့ အခမဲ့မေးလို့ရပါတယ်။ Microsoft လို proprietary software တွေမှာတော့ support ကို စျေးကြီးပေးပြီး ထပ်ဆောင်း ပေးဝယ်ရပါတယ်။ TechNet လို့knowledge base (KB) တွေရှိပေမယ့်လည်း လိုအပ်ချက်တွေရှိနေပါတယ်။ နာမည်ကြီးတဲ့ Linux distro တွေမှာတော့ သက်ဆိုင်ရာ wiki ကောင်းကောင်းရှိပါတယ်။ Arch Linux က wiki ကောင်းလို့နာမည်ကြီးတဲ့ distro တစ်ခုဖြစ်ပါတယ်။

**၇. Linux kernel ရဲ့ကောင်းမွေ တွေအားလုံးကို GNU/Linux distro တိုင်းမှာရရှိနိုင်ခြင်း**\
Linux kernel က Microsoft မှာသုံးတဲ့ kernel ထက်အများကြီးရှေ့ရောက်နေပါတယ်။ ထင်ရှားတာ တစ်ခုကိုပြောရရင်တော့ resource management မှာ Linux kernel ကသိသိသာသာ ကြီးကိုကောင်းပါတယ်။ ဥပမာပေး ရရင်တော့ Microsoft ရဲ့ Blue Screen Of Death (BSOD) ဟာ သူ့ kernel က resource ကိုကောင်းကောင်း handle မလုပ်နိုင်လို့ဖြစ်တဲ့ error ပါ။ Linux မှာတော့ Linux kernel က resource management မှာ တော်တော်လေးကို smart ဖြစ်တယ်လို့ဆိုရမှာပါ။ BSOD ဆိုတာမျိုး Linux မှာမရှိပါဘူး။ အဆိုးဆုံး အနေနဲ့system frozen ဖြစ်သွားပြီးတော့ အမြန်ဆုံး သူ့ကိုသူ recover ပြန်လုပ်ပါတယ်။ Memory ကို manage လုပ်တဲ့နေရာမှာ swap partition ကိုထိထိရောက် အသုံးချပါတယ်။ အဲ့ဒါကြောင့် Linux မှာ swap ကမရှိမဖြစ်လိုအပ်ပါတယ်။ Microsoft က virtual memory ဆိုတဲ့ paging မှာတော့ Linux ရဲ့ swap လောက်အလုပ်မဖြစ်ပါဘူး။

**၈. အခမဲ့ distro တွေမှာမှ ကိုယ်ကြိုက်တဲ့ flavour ရွေးချယ်စရာများခြင်း**\
သိကြပြီးတဲ့အတိုင်း Linux မှာကိုယ်ကြိုက်တဲ့ flavor ပေါ်မူတည်ပြီးတော့ distro ပြောင်းသုံး လို့ရပါတယ်။ တချို့က Red Hat ကိုလိုက်ချင်လို့Fedora တို့CentOS တို့ သုံးပါတယ်။ တချို့ ကလည်း Debian ကိုလိုက်ချင်လို့ Ubuntu တို့ Mint တို့ကို သုံးပါတယ်။ ပိုကောင်းတာ မကောင်းတာကတော့ user ပေါ်မှာပဲမူတည် ပါတယ်။ Microsoft မှာတော့ flavour ဆိုတာမရှိပါဘူး။ Windows 10 ထွက်လို့သုံးချင်ရင် professional လား enterprise လားဆိုတာပေါ်မူတည်ပြီး စျေးတွေက ကွာသွားပြန်ပါတယ်။ အဲ့ဒီတော့ Linux မှာပိုပြီးတော့ ရွေးချယ်စရာ ရှိနေပြီးတော့ အခမဲ့ပါ။ အခုနောက်ပိုင်း Gamer တွေအတွက် SteamOS လို distro တွေတောင်ရှိလာပါပြီ။

**၉. Low-end PC တွေ Laptop တွေမှာသုံးလို့ရခြင်း**\
Linux distro တွေတော်တော်များများဟာ hardware spec မြင့်တဲ့စက်ဖြစ်ဖို့သိပ် မလိုပါဘူး။ PC အဟောင်းတွေ Laptop အဟောင်းတွေ မှာတောင် install လုပ်ပြီးသုံးလို့ရပါတယ်။ Linux distro တွေထဲမှာ LXDE နဲ့Xfec တို့လို desktop နဲ့ လာတဲ့ distro တွေဆိုရင် ပိုလို့တောင် စက်အဟောင်းတွေမှာ သုံးရတာပေါ့နေပါတယ်။ မတက်နိုင်လို့ စက်အဟောင်းပဲဝယ်ပြီး Lubuntu လို distro ကိုတင်ပြီးသုံးရင် အဆင်ပြေပြေနဲ့ပြဿနာသိပ်ရှိမှာမဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင် Lubuntu ကိုကြိုက်လွန်းလို့ Dell Laptop အဟောင်းလေးတစ်လုံး ပေါ်မှာတင်ပြီး သုံးဖြစ်နေပါတယ်။ Linux ကအရင်ထဲကမှ ပေါ့ပြီးသားပါ။

**၁၀. Linux distro တွေရဲ့ LiveCD မှာပါတဲ့ tool တွေကအလုပ်ဖြစ်ခြင်း**\
Linux distro တွေဟာ တော်တော်များ LiveCD တွေ အနေနဲ့လာပါတယ်။ install မလုပ်ခင် စမ်းသပ်သုံးကြည့် လို့ရသလို၊ Portable OS အနေနဲ့လည်းသုံးလို့ရပါတယ်။ ဒါ့အပြင် system မှာတစ်ခုခုပြဿနာတက် လို့ပြင်ရတော့မယ်ဆိုရင်တောင်မှ LiveCD ကို recovery tool အနေနဲ့အသုံးပြုလို့ရပါတယ်။ နောက်ပြီး နဂိုအတိုင်း gparted လို partition tool အပြင် အခြားလိုအပ်မယ့် tool တော်တော်များများကို LiveCD မှာထည့်ထားပေးတတ်ပါတယ်။ အဲ့ဒါကြောင့် ဘယ် third party bootable utility မှမလိုအပ်ပဲနဲ့ LiveCD ကိုသုံးပြီး system ကို recover လုပ်လို့ရပါတယ်။ Windows မှာတော့ Hiren bootable CD လို third party tool တွေကိုသုံးပြီးတော့မှ recover လုပ်ရတာများပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Linux ကို ပထမဆုံး အချက်တစ်ခု ထဲနဲ့တင် စပြီးသုံးသင့်နေပါပြီ။ အဲ့ဒါကတော့ မှားနိုင်စရာမရှိတဲ့ အချက်ပါ။ အင်္ဂလိပ်စကားတစ်ခုရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ “the best thing in life is free” ဆိုတာပါ။ ဒီမှာတော့ free ဆိုတာကို အလကားလို့ ဘာသာမပြန်ပဲ လွတ်လပ်ခြင်းဆိုပြီး ပြန်ဆိုလိုပါတယ်။ ဒီလောက်နဲ့ပဲ ဒီမှာ ရပ်လိုက်ပါတော့မယ်။


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/linuxbsd/why-gnulinux.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
