# အင်တာနက်မြန်မာစာ ယူနီကုဒ်ဇော်ဂျီ ပြဿနာ

ဒီစာကိုရေးဖြစ်ဖို့စဉ်းစားမိတာ တော်တော်လေးကြာနေပါပြီ။ နောက်ဒီ ခေါင်းစဉ်ကလည်း အခုမှစိတ်ကူးပေါက်ပြီး ရေးမယ်လို့ ရည်ရွယ်ထားတာ မဟုတ်ပါ။ ခေါင်းထဲမှာရှိနေတာ ကြာနေခဲ့ပါပြီ။ ရေးလိုက်တိုင်းလည်း လူတိုင်းမကြိုက်တဲ့ ခေါင်းစဉ် ဖြစ်သလို ဘယ်သူမှာလည်း စိတ်ဝင်မစားကြပါဘူး။ အဲ့ဒီလိုအင်တာနက် မြန်မာစာအတွက် standard နှစ်ခုဖြစ်နေတာကို ဘယ်သူမှ အရေးတယူ မလုပ်ခဲ့ရတဲ့ အကြောင်းကတော့ စိတ်ဝင်စားစရာဖြစ်သလို စာရေးသူ ကိုယ်တိုင်လည်း အားမလို အားမရဖြစ်ရပါတယ်။ ပွင့်ပွင့် လင်းလင်း ပြောကြကြေးဆိုရင် မြန်မာက ကမ္ဘာမှာ မှတ်တမ်းတင်မှုအားက အနောက်နိုင်ငံက ပုဂ္ဂိုလ်တွေထက်စာရင် အားနည်းပါတယ်။ နောက်ပြီး တန်းဖိုးရှိတဲ့ စာပေတွေကို ထိန်းသိမ်းမှုမှာလည်း ညံ့တယ်လို့ပြောရမလိုပါ။ မှတ်မှတ်ရရ ဥပမာတစ်ခုပေးရရင်တော့ စာရေးသူ ၂၀၀၆ခုနှစ်၂၀၀၇ ခုနှစ်လောက်တုန်းက ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စ-ဆုံး ပေါင်းချုပ် ကို ဆရာဦးအောင်းသင်း ညွန်းလွန်းလို့ ဖတ်ချင်စိတ် တဖွားဖွား ဖြစ်လာခဲ့ပါတယ်။ ရှိတဲ့ စာအုပ်ဆိုင်မှန်သမျှလိုက်ရှာတာလည်း မရခဲ့ပါဘူး။ အဲ့ဒီစာအုပ်က စာပေတန်းဖိုးရှိသလောက် သိပ်ပြီးတော့ မရောင်းရတော့လို့ ထုတ်လုပ်ရေးတွေက မထုတ်တော့တာလည်းဖြစ်ပါတယ်။ ပန်းဆိုးတန်းက စာအုပ် အဟောင်းဆိုင်မှာတော့ ရှာရင်းဖွေရင်းတွေ့ပါတယ်။ တပိုင်းကို ၂သောင်း နဲ့ နှစ်ပိုင်းကို ၄သောင်းပေးရမယ်လို့ရောင်းတဲ့ သူကလည်း နှပ်ပါတယ်။ စာအုပ်က ကြည့်တော့လည်း တော်တော်လေး ဟောင်းနေပါပြီ။ သူ့မှာလည်း တစ်စုံပဲရှိတော့တာမို့ ယူမယ်ဆိုရင် အခုချက်ချင်း ယူမှရမယ်လို့လည်း ခြိမ်းခြောက်ခံရပါသေးတယ်။ ကိုယ် စာအုပ်ဝယ်ဖို့ကို စုထားတဲ့ ငွေကလည်း အဲ့ဒီလောက်မရှိတဲ့အတွက် မဝယ်ဖြစ်ခဲ့ပါဘူး။ နောက် ၃လ ၄ လ လောက်ကြာတော့ စိတ်ကူးချိုချို အနုပညာက စ-ဆုံးပေါင်းချုပ် ကို ဒုတိယအကြိမ် ပြန်ထုတ်ပါတယ်။ စာရေးသူ ၈ထောင်လား ၉ ထောင်လား ပေးဝယ်ခဲ့ရပါတယ်။ ကိုယ်တိုင်တွေ့ကြုံရတဲ့ တန်းဖိုးရှိ မြန်မာစာပေကို ဒီဘက်ခေတ်မှာ ရှာရဖွေရတာ မလွယ်ပုံကို ပြောပြခြင်းသာဖြစ်ပါတယ်။

ဒီဘက် social media ခေတ်မှာတော့ လူငယ်တွေဖတ်ဖို့စာက Facebook မှာတင်ရပ်သွားပါပြီ။ သတင်းတော်တော်များများနဲ့ ကာတွန်းဆရာ စာရေးဆရာများဟာလည်း social media နေပဲ သူတို့ ထုတ်ကုန်တွေကို ဖြန့်ဖြူးနေရတဲ့ခေတ်မို့ Facebook မှာတင် ဖတ်စရာတွေမကုန်နိုင်လောက်အောင် ရှိနေပါတယ်။ ဘယ်ဟာကောင်းသလဲ မကောင်းဘူးလဲဆိုတာနဲ့ သတင်းမှန်နဲ့ သတင်းမှား ပြဿနာက ဘယ်စာက တန်းဖိုးရှိသလဲ မရှိဘူးလဲဆိုတာထက် အလေးသာလို့ ခေတ်လူငယ်တွေ စစ်ထုတ်ပြီးတော့ ဖတ်နေရတာနဲ့တင်ကို အင်တာနက်မှာ ဘာမြန်မာစာသုံးသလဲဆိုဘက်ကို မရောက်လာတော့ပါဘူး။ လက်ရှိမှာတော့ Facebook နဲ့ မြန်မာစာနဲ့ရေးထားတဲ့ website တွေတော်တော်များများဟာ ဇော်ဂျီကိုသာအသုံးပြုထားပါတယ်။ ဖတ်တဲ့သူဘက်မှာလည်း ဇော်ဂျီကိုသာ အသုံးများနေသေးပြီး မြန်မာယူနီကုဒ်နဲ့ ရေးဖို့ ဖတ်ဖို့ကိုလည်း တိုက်တွန်းရခက်နေတုန်းပါ။ နည်းပညာပိုင်းဆိုင်ရာဘက်ကနေ ကြည့်ရင်တော့ ဇော်ဂျီကိုလက်ရှိအတိုင်းသာ အသုံးပြုနေအုံးမယ် ဆိုရင် နောက်ပိုင်းမှာ Unicode လိုက်နာထားတဲ့ မြန်မာ font standard တစ်ခုစီကို အနှေးနဲ့ အမြန် ဖြေးဖြေးချင်းချင်းစီ ပြောင်းသွားရမှာပါ။ စာရေးသူ သတိထားမိသလောက်တော့ language တစ်ခုရဲ့ font နဲ့ keyboard မှာ ပြဿနာတက်နေသေးသာ မြန်မာစာလောက်သာ ကျန်တော့တယ်လို့ထင်ပါတယ်။ တခြား ထိုင်းတို့ ဗီယက်နမ်တို့ မှာတော့ တော်တော်လေးကို အနယ်ထိုင်သွားပါပြီ။ အင်တာနက်က မြန်မာစာမှာတော့ ဇော်ဂျီ ယူနီကုဒ် ပြဿနာက အခုချိန်ထိကို ရေရာတဲ့ အဖြေမျိုးမရှိသေးပါဘူး။ ဇော်ဂျီသမားကလည်း အခုဇော်ဂျီသုံးတာ အဆင်ပြေနေတာပဲလေ မပြောင်းတော့ပါဘူးဆိုတာမျိုးနဲ့ ပဲတင်းခံပါတယ်။ ယူနီကုဒ်သမားတွေကလည်း ကမ္ဘာ့ အဆင့်မှီတဲ့ ယူနီကုဒ်မြန်မာစာကို သုံးရင်း ဂုဏ်ယူလို့မဆုံးနိုင်အောင် ရှိကြပါတယ်။ ဘယ်ဟာမှန်သလဲ ဘယ်ဟာမှားသလဲဆိုတာကတော့ စာရေးသူ တစ်ယောက်ထဲဆုံးဖြတ်လို့မရသလို မြန်မာနိုင်ငံက အင်တာနက်သုံးတဲ့ လူထုတရပ်လုံးကဆုံးဖြတ်လို့မရပါဘူး။ အင်တာနက်ဆိုတဲ့ community တရပ်လုံးက သဘောတူ လက်ခံထားတဲ့ စည်းကမ်းချက်တွေရှိပါတယ်။ Unicode standard ဆိုတာလည်း ဘယ် ASCII code point ဟာဖြင့် ဘယ်ဟာကို ဖော်ပြဖို့ဖြစ်တယ်ဆိုတာကို presentation layer မှာ အားလုံးသဘောတူထားရတဲ့ ဟာမျိုးပါ။ အဲ့ဒါမှာလည်း စာရေးသူ ဖော်ပြလိုတဲ့ စာလုံးလေးတွေကို အခုစာဖတ်နေတဲ့သူ ကဖတ်လို့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာ လက်ခံထားတဲ့ စံဖြစ်တဲ့အတွက်လိုက်နာကို လိုက်နာရမှာဖြစ်ပါတယ်။ နောက်မို့ဆိုရင် ISO လို standard သတ်မှတ်ပေးတဲ့ အဖွဲ့တွေက အသိအမှတ်မပြုပါဘူး။ အသိအမှတ်မပြုရင် နည်းပညာအသစ်တွေထဲမှာ ကိုယ့်မြန်မာစာကိုထည့်ချင်ရင်တောင် ထည့်လို့မရပါဘူး။ တခြားနိုင်ငံက မြန်မာမဟုတ်တဲ့ လူတစ်ယောက်ကိုရှင်းပြဖို့အတွက်တော်တော်ခက်ပါလိမ့်မယ်။ များသောအားဖြင့်က standard တစ်ခုပေါ်မှာပဲ ကောင်းသထက်ကောင်း develop လုပ်ရတဲ့ အနေအထားမှာ မြန်မာနိုင်ငံက dev တွေကတော့ နှစ်ခုအတွက်စဥ်းစားပြီးလုပ်နေရတုန်းပါ။

ကဲ… အကုန်ပြောရင် မကုန်မှာစိုးလို့ လိုရင်းဖြစ်တဲ့ မြန်မာစာအတွက် ဇော်ဂျီ ကို သုံးရင် ရနိုင်မယ့် ဆိုးကျိုးကောင်းကျိုး နဲ့ မြန်မာယူနီကုဒ်ကို သုံးလို့ ရမယ့် အကောင်းအဆိုးလေးတွေ ကိုချင့်ချိန် စဉ်းစားကြည့်ရအောင်။

## ဇော်ဂျီ ဖောင့်(ထ်) နဲ့ ကီးဘုတ်

### အားသာချက်များ

* **လူသုံးများခြင်း**။ ။ လက်ရှိအချိန်ထိတော့ လူသုံးများနေဆဲပါ။ မြန်မာသတင်း ဌာနတွေတော်တော်များများနဲ့ social media ပေါ်မှာမြန်မာလိုရေးရင် မြန်မာနိုင်ငံမှာ ဇော်ဂျီနဲ့ပဲရေးပါတယ်။ ကိုယ်တိုင် ယူနီကုဒ် သမားလို့ ပြောတဲ့သူတွေတော်တောများများကလည်း ဇော်ဂျီကို တပိုင်းရေး ယူနီကုဒ်ကို တပိုင်းရေးနဲ့ post တွေတင်နေရတုန်းပါ။ နောက်ဆုံးတော့ လည်းကိုယ်ပေးချင်တဲ့ အချက်အလက် အခြားတဘက်ကိုရောက်ဖို့သာ အားထုတ်တဲ့အတွက် ဇော်ဂျီကသာပြန်သုံးတဲ့အတွက် လူသုံးများရတာလည်းဖြစ်ပါတယ်။
* **လေ့လာသင်ယူရလွယ်ကူခြင်း**။ ။ မြန်မာစာမှာ ရေးသားနည်းသတ်မှတ်ချက် တွေရှိပါတယ်။ သို့သော်လည်း ငယ်စဥ်ကတည်းကကျောင်းတွေမှာ စာစပြီး ရေးပြီဆိုကတည်း မူကြိုဆရာတွေကိုယ်တိုင် အခြေခံကျောင်းမှာသင်ကြားတဲ့ ဆရာတွေကိုယ်တိုင် အလွယ်ရေးနည်းကိုသာသင်ပါတယ်။ ဆရာတိုင်းမဟုတ်ပေမယ့် ဆရာတိုင်းနီးပါးလိုလို အဲ့လိုပဲသင်တယ်လို့ စာရေးသူသတိထားမိပါတယ်။ နောက်ပိုင်း အထက်တန်းကျောင်း တချို့ကဆရာကောင်းတွေနဲ့ တက္ကသိုလ်က ဆရာကောင်းတချို့ နဲ့တွေခဲ့ရတဲ့ သူတွေသာ ရေးသားနည်းအမှန်ကိုသိကြရပါတယ်။ ပြောချင်တာက တသက်လုံးမှားလာတဲ့ မြန်မာစာရေးသားနည်းတွေ စာလုံးပေါင်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ အမှန်လိုလိုဖြစ်လာခဲ့ပါတယ်။ မြန်မာစာကို အဆင်ပြေသလို မြင်တဲ့အတိုင်းရေးတဲ့အကျင့်ဆိုးကြီးက လူတိုင်းလိုလိုမှာပါလာပါတော့တယ်။ အဲ… ဇော်ဂျီ ကီးဘုတ်နဲ့ ရိုက်တဲ့အခါမှာလည်း မြင်တဲ့အတိုင်း ကြိုက်သလိုရိုက်လို့ရတဲ့အတွက် အမှားနဲ့ အသားကျနေတဲ့ အသုံးပြုသူတွေအနေနဲ့ ဇော်ဂျီလက်ကွက်နဲ့ မြန်မာ စာရိုက်သင်ရတာပို လွယ်နေနိုင်ပါတယ်။

### အားနည်းချက်များ

* **ယူနီကုဒ် သတ်မှတ်ချက်များကို မလိုက်နာခြင်း**။ ။ ASCII (အရှည်ကတော့ American Standard Code for Information Interchange ဖြစ်ပါတယ်။) ဆိုတဲ့ဟာက presentation layer မှာ စာလုံးတွေ နံပါတ်တွေ အမှတ်အသားပံုလေးတွေကို ဘယ်လိုဖော်ပြပေးမလဲဆိုတာနဲ့ ပတ်သတ်ပြီး code point တွေကို သတ်မှတ်ပေးထားတဲ့ character encoding စံတစ်ခုပါ။ ဆက်သွယ်ရေးနည်းပညာမှာ အချက်အလက်ကို ပို့တဲ့သူ (sender)က encoding ကို သတ်မှတ်ထားတဲ့ code point တွေကိုယူသုံးကာမှ အဲ့ဒီအချက်အလက်ကို လက်ခံတဲ့သူ (receiver) က decoding လုပ်တဲ့အခါမှာ အမှန်အတိုင်း မြင်ရ လက်ခံရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ နည်းပညာပိုင်းမှာ အရိုးစင်းဆုံး အပိုင်းပါ။ ပြင်သစ် ဧည့်သည်ကို ကယား ဘာသာစကားနဲ့ ပြောလို့မရသလိုမျိုး ပေါ့ဗျာ။ ဒီတော့ဗျာ… ဇော်ဂျီက ကိုယ်ကြိုက်သလို code point တွေကိုယူသုံးထားတဲအတွက် နိုင်ငံတကာက လက်ခံမှာမဟုတ်ပါဘူး။ ဥပမာ တခေါက်က စာရေးသူ ဇော်ဂျီ ဖောင့်(ထ်) နဲ့ ပတ်သတ်ပြီး မြန်မာတစ်ယောက်က Firefox ကို forum ကနေတဆင့် bug fix တောင်းတာတွေ့ဘူးပါတယ်။ Apple Macbook နဲ့ iMac မှာ Firefox ရဲ့ standard font ကို ဇော်ဂျီထားလည်း ဇော်ဂျီနဲ့မပြတာကို report တင်တာပါ။ Firefox က dev တစ်ယောက် အကြောင်းပြန်တဲ့အခါမှာ ဇော်ဂျီဟာ ASCII ကိုမလိုက်နာထားတဲ့ အတွက် အဲ့ဒီ bug ကို အချိန်ကုန်ခံပြီးတော့ မပြင်ပေးနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။
* **website နဲ့ blog တွေမှာ ဖောင့်(ထ်)ပုံစံ မမှန်ခြင်း**။ ။ စာရေးသူ ဒီ blog ကို blogger ကနေ wordpress ကိုပြောင်းရခြင်း အဓိက အကြောင်းကတော့ ဇော်ဂျီကို blogger မှာသုံးတဲ့ အခါမှာ word/character wrap မလုပ်ပါဘူး။ ရိုက်တုန်းကလည်း ရိုက်ချင်သလိုရိုက်ထားပြီး ပြန်ပြီးပြတဲ့အခါမှာလည်း ပြချင်သလိုပြပါတယ်။ ဆိုပါတော့… ကကြီး ရရစ်ဆိုရင် ကကြီး ပထမလိုင်းမှာပြပြီးတော့ ရရစ်ကိုတော့ နောက်တလိုင်းမှာပြတယ်။ ကြည့်ရတာတော်တော် ရုပ်ဆိုးပါတယ်။ embedded font သုံးချင်သော်လည်း blogger မှာ အလုပ်လုပ်တဲ့ plugin ကောင်းကောင်း မရှိတဲ့အတွက် စာရေးသူ ဇော်ဂျီသာ အသုံးပြုခဲ့ပါတယ်။ စိတ်ထဲမှာတော့ အလိုမကျပါဘူး။ အနောက်မှာလည်း web hosting၊ domain name နဲ့ wordpress ကိုလည်း ပြင်ဆင်နေခဲ့ရပါတယ်။ အခုတော့မြင်တဲ့အတိုင်း Saturngod ရဲ့ MMUnicode Embed plugin ကို wordpress မှာသုံးထားတဲ့အတွက် ဇော်ဂျီသမားရော ယူနီကုဒ်သမားပါ ဖတ်လို့ရတဲ့အပြင် မြန်မာစာကို wrap လုပ်တာမှန်တဲ့အတွက် စာတွေကို ရှင်းရှင်းလင်းလင်းတွေရတာ စိတ်ချမ်းသာစရာ တစ်ခုပါ။
* **ရွေးစရာ Typeface တစ်ခုတည်းရှိခြင်း**။ ။ ဇော်ဂျီမှာ ရွေးစရာ ဖောင့်(ထ်)ပုံစံ တစ်ခုတည်းသာရှိပါတယ်။ စာလုံးပုံစံမကြိုက်လို့ Time New Roman ကနေ Arial လို typeface ကိုပြောင်းတာမျိုး ဇော်ဂျီမှာ ရွေးစရာ မရှိပါဘူး။
* **တိုင်းရင်းသား ဘာသာစကားများအတွက် ဖောင့်(ထ်) နဲ့ ကီးဘုတ်မရှိခြင်း**။ ။ ဇော်ဂျီဟာ regional အလိုက် သတ်မှတ်ပေးထားတဲ့ code point တွေအကုန်လုံးကို မြန်မာစာ သီးသန့်အတွက် အကုန်ယူသုံးထားတဲ့ အတွက် တိုင်းရင်းသား ဘာသာစကားများအတွက် code point မကျန်တော့ပါဘူး။ တချို့စာလုံးတွေဆို တိုင်းရင်းသားဘာသာစကားမှာ သုံးထားတဲ့ code point တွေကို ဇော်ဂျီကယူသုံးထားပါတယ်။

## မြန်မာယူနီကုဒ် ဖောင့်(ထ်) နဲ့ ကီးဘုတ်

### အားသာချက်များ

* **ယူနီကုဒ် စံကို စနစ်တကျလိုက်နာထားခြင်း**။ ။ မြန်မာယူနီကုဒ်ဆိုတဲ့အတိုင်း ဒီဖောင့်(ထ်) အမျိုးအစားနဲ့ ကီးဘုတ်က ASCII ရဲ့ သတ်မှတ်ထားတဲ့ code point တွေကိုသာယူသုံးပါတယ်။ တိုင်းရင်းသား ဘာသာစကား တွေအတွက်လည်း ဒီ ကီးဘုတ် layout ကို သုံးလို့ရပါတယ်။ စံစနစ်တစ်ခုလိုက်နာခြင်းအားဖြင့် အသိအမှတ်ပြုခံရတာကတော့ အခုဆို Windows, Mac နဲ့ Linux တွေမှာ နဂိုအတိုင်းပါလာတယ်။ ဇော်ဂျီလိုမျိုး ဖောင့်(ထ်) နဲ့ ကီးဘုတ်ကို ထပ်ပြီး install လုပ်စရာမလိုပါဘူး။
* **website နဲ့ blog တွေမှာ word/character wrap မှန်ခြင်း**။ ။ အရှေ့မှာ ရှင်းပြပြီးသလိုပဲ ယူနီကုဒ်ကို သုံးခြင်းအားဖြင့် စာလုံးအထားအသို ကိုပြတဲ့နေရာမှာ မှန်တာကြောင့် ရှုပ်ပွမနေပါဘူး။ ရှင်းရှင်းလင်းလင်းပိုရှိပါတယ်။
* **ရွေးချယ်စရာ typeface များရှိခြင်း**။ ။ ယူနီကုဒ်သုံးမယ်ဆိုရင်တော့ သူ့မှာဖောင့်(ထ်) ပုံစံရွေးချယ် စရာတွေရှိပါတယ်။ ဥပမာ Myanmar 3၊ Myanmar Text၊ Padauk နဲ့ တခြားရွေးချယ်စရာ ဖောင့်(ထ်) တွေရှိပါတယ်။ Padauk ဆိုရင် တော်တော်လေးကိုလှတယ်လို့တော့ စာရေးသူထင်မိ ပါတယ်။
* **support ကောင်းကောင်းရနိုင်ခြင်း**။ ။ ကိုယ်က ယူနီကုဒ် သုံးမယ်ဆိုရင်တော့ အားသာချက်က တစ်ခုခု ပြဿနာတက်ရင် ကိုယ်သုံးတဲ့ software ပေါ်မူတည်ပြီးလိုအပ်တဲ့ အကူအညီတောင်းလို့ရပါတယ်။ software တော်တော်များများမှာလည်း မြန်မာစာကို နဂိုအတိုင်းထည့်ပေးနေပါပြီ။ ကိုယ်က ယူနီကုဒ်သုံးပြီး ဇော်ဂျီနဲ့ ရေးထားတဲ့စာ တွေကိုဖတ်ဖို့အတွက်လည်း သုံးလို့ရတဲ့ tool တွေအများကြီးရှိပါတယ်။ Internet browser ကို Chrome သို့မဟုတ် Firefox သုံးမယ်ဆိုရင်တော့ MUA Web Unicode Converter ဆိုတဲ့ plugin သုံးလို့ရသလို တခြား FontTagger လို plugin တွေလည်းရှိပါတယ်။
* **Future-proof ဖြစ်နေခြင်း**။ ။ ဒီတစ်ခုကတော့ နောင်အနာဂတ်အတွက် မရှိမဖြစ်အသုံးပြုနေရမှာသေချာတယ်လို့ ပြောချင်တာပါ။ Wikipedia Myanmar လို ဆိုဒ်မှာ နောင်အနာဂတ်မှာ content တွေအကုန်လုံးကို ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းဖို့ဆိုတာမျိုးမဖြစ်ရအောင် အခုထဲက လူ အနည်းစုသာသုံးတဲ့ ယူနီကုဒ်ကိုသာ အသုံးပြုပါတယ်။ အဲ့ဒါဟာ အနာဂတ်မှာ Wikipedia Myanmar ကို သုံးတဲ့ မြန်မာလူမျိုးတွေအတွက် future-proof လုပ်ထားတဲ့သဘောမျိုးပါ။ ဘာလို့လဲဆိုတော့ နောင်တချိန်ကျရင် ယူနီကုဒ်ကိုပြောင်း သုံးရမှာပါ။

### အားနည်းချက်များ

* **လူသုံးနည်းနေသေးခြင်း**။ ။ အခုအချိန်ထိတော့ ယူနီကုဒ်သုံးတဲ့ လူဦးရေက နည်းနေသေးပါတယ်။ ယူနီကုဒ်ကို ပြောင်းသုံးချင်တယ်ဆိုရင်တော့ ကိုယ် social media ပေါ်မှာ လူများရေးထားတာ ဖတ်လို့ရတယ်ထားအုံးတော့ ကိုယ် ယူနီကုဒ်နဲ့ ရေးတဲ့ဟာကို ကိုယ့်မိတ်ဆွေတွေက ဖတ်လို့ရမှာမဟုတ်ပါဘူး။ နှစ်ခုလုံးကို သင့်တော်သလို အသုံးပြုချင်ပါတယ်ဆိုရင်တော့ နည်းနည်းတော့ ခေါင်းစားရပါလိမ့်မယ်။
* **လက်ကွက်ကို စတင်လေ့လာသင်ယူရာမှာ အခက်အခဲရှိနိုင်ခြင်း**။ ။ ယူနီကုဒ် ကီးဘုတ်ကို စတင်အသုံးပြုဖို့အတွက် စတင်လေ့လာရာမှာတော့ နည်းနည်းအခက်တွေ့နိုင်ပါတယ်။ အရှေ့မှာ ပြောထားတဲ့ မြန်မာစာရေးနည်းကို အတတ်နိုင်ဆုံးဖြစ်အောင် လိုက်နာထားတဲ့အတွက် ဇော်ဂျီ အသုံးပြုတာကြာတဲ့ အသုံးပြုသူ တစ်ယောက်ဆိုရင်တော့ နည်းနည်း စိတ်ရှုပ်ရပါလိမ့်မယ်။ အသုံးပြုနည်း ရိုက်နည်းကိုတော့အသေးစိတ် မရှင်းတော့ပါဘူး။ လေ့လာချင်ရင်တော့ Myanmar Unicode Area ဆိုတာကိုသာရှာပြီးတော့ ကိုယ်တိုင်လေ့လာလို့ရပါတယ်။

ဒါကတော့ အင်တာနက်မြန်မာစာအတွက် ဇော်ဂျီ ယူနီကုဒ် အရှုပ်တောပုံပဲဖြစ်ပါတယ်။ ဗဟုသုတ အနေနဲ့ စာရေးသူသိသလောက် တက်သလောက် ရေးသား ဆွေးနွေးပြခြင်းသာဖြစ်ပါတယ်။ မြန်မာစာ ဘာသာရပ်ပိုင်းနဲ့ ယူနီကုဒ်ကျွမ်းကျင်မှု အပိုင်းအတွက်တော့ subject-matter expert တွေအများကြီးရှိပါတယ်။ ဒီ post မှာတော့ မသိသေးတဲ့လူတွေသိအောင် စိတ်ဝင်စားလာအောင် ဖော်ပြရခြင်းသာဖြစ်ပါတယ်။ ဒီ post ကို ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/others/my-zg-unicode.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
