# Open Source Licenses များအကြောင်း – အပိုင်း (၁)

အရင်တုန်းက စာရေးသူ GNU GPL နဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို အပိုင်းလေးတွေခွဲပြီးတော့ ရေးသားခဲ့တယ်။ သူ့ရဲ့ license အမျိုးအစားခွဲတွေနဲ့ ဘာဖြစ်လို့ version တွေထက်ခွဲထွက်လာသလားဆိုတာလည်း တတ်နိုင်သလောက် ရှင်းပြခဲ့ပါတယ်။ နောက်ခံသမိုင်း ဖြစ်စဉ်လေးတွေကို လေ့လာရတာ စာရေးသူကြိုက်လို့ ကိုယ်တိုင်လိုက်ရှာပြီး ဖတ်သလို ပြန်ပြီးတော့ မျှဝေရတာလည်း တော်တော်လေးကို အရသာတွေ့ပါတယ်။ Open source နဲ့ Linux နဲ့ ပတ်သတ်ရင်လည်း လေ့လာတဲ့အခါမှာ ဘာလိုပြဿနာမျိုးကို ဖြေရှင်းဖို့အတွက် ဒီနည်းပညာထွက်လာရသလဲ၊ လက်တွေ့အသုံးပြုလို့ အဆင်ပြေသလား၊ ဘာဖြစ်လို့ software ကို အလကားပေးသုံးပြီးတော့ monetization မှာတော့ ဖြစ်ဘာလိုမျိုး လုပ်ထားသလဲဆိုတာတွေကို စာရေးသူ စိတ်ဝင်မိပါတယ်။ တစ်ခုချင်းစီရဲ့ သူတို့ထားတဲ့ သဘောထားလေးတွေ ပေါ်မှာမူတည်ပြီးတော့ free / open source software ကို သတိကြီးကြီးနဲ့ အသုံးပြုပါတယ်။ နောက်ပြီးတော့မှ အခြားသူတွေလည်း သိလာအောင် advocate လုပ်ပြီးတော့၊ သုံးဖြစ်လာအောင် တနည်းမဟုတ်တနည်းနဲ့ တိုက်တွန်းတတ်ပါတယ်။ Software တစ်ခုကကောင်းလည်းကောင်းတယ်၊ free နဲ့ open source လည်းလုပ်ပေးထားတယ်၊ သို့သော်သုံးတဲ့လူ မရှိဘူးဆိုရင် အဲ့ဒီ software တွေကို အချိန်အကုန်ခံပြီးတော့ နေ့နေ့ညည လုပ်ထားရတဲ့ software developer တွေအတွက် စိတ်မကောင်းစရာပါ။ ဒီနေရာမှာ ငွေရေးကြေးရေး ကိစ္စမပါသေးပါဘူး။ Developer တွေဘက်က သုံးတဲ့သူတွေရှိတယ်၊ လူတွေငါ့ အချိန်ကုန်ခံပြီးတော့ လုပ်ထားတဲ့ဟာကို သုံးတယ်ဆိုတာတစ်ခုတည်းနဲ့ ကို သူတို့ဝမ်းမြောက်ဝမ်းသာ ဖြစ်ရမှာပါ။ DistroWatch လိုမျိုးနေရာမှာ Linux ရဲ့ ဘယ် distro ကတော့ဖြင့် top 10 ဝင်တယ်ဆိုပြီးတော့ developer တွေ၊ contributor တွေ ဂုဏ်ယူစွာဖြင့် celebrate လုပ်ကြပါတယ်။ အဲ့ဒီကနေမှ ကိုယ်က monetize လုပ်မယ်ဆိုလည်း ကိုယ့်မှာ user-base ရှိပြီးသားမို့ ဆက်လက်ဆောင်ရွက် စရာကိုဆက်လက် လုပ်ဆောင်လို့ရပါတယ်။ အခုအနောက်ပိုင်း… Linux distro project သေးသေးလေးတွေကနေပြီးတော့ အကျိုးအမြတ်ရအောင်လို့ သန့်သန့်ရှင်းရှင်း ကြိုးပမ်းကြတဲ့ သတင်းလေးတွေကို ကြားရတိုင်း ဝမ်းသာကြည်နူးမိတာအမှန်ပါ။ နာမည်အားဖြင့်တော့ Manjaro နဲ့ Zorin OS နှစ်ခုဟာ တော်တော်လေးကို နေရာရလာပြီးတော့ monetization strategy မှာ စနစ်ကျတာကို တွေ့ရပါတယ်။ ဒါအပြင်… Elementary OS အဖွဲ့ကလည်း App Center ကို developer-centric ဖြစ်အောင်လို့ အဘက်ဘက်ကနေ အားထုတ်နေတာကိုလည်း တွေ့ရမှာပါ။

<figure><img src="/files/DbQtBfKiAcf1FbHmxZ3i" alt=""><figcaption></figcaption></figure>

ပြောချင်တာက… free / open source software လေးတွေဖြစ်လာဖို့ မလွယ်ပါဘူး။ Open Source project လေးတွေ စစချင်းမှာတော့ ဘယ်သူမှ ဂရုမစိုက်ပါဘူး။ သို့သော် နာမည်ရှိပြီ၊ အောင်မြင်လာပြီဆိုတာနဲ့ နေရာတကာမှာ လူညစ်တွေနဲ့ စတင်ထိပ်တိုက်တွေ့ တော့တာပါပဲ။ အနုနည်းနဲ့ ညစ်တယ်၊ အကြမ်းနည်းနဲ့ ညစ်တယ်၊ ပုံစံမျိုးစုံနဲ့ ညစ်ကြပါတယ်။ တခါတခါပြန်စဉ်းစားကြည့်တော့လည်း စာရေးသူတို့ လူအသိုင်းအဝိုင်းမှာ လူဆိုးနဲ့ လူကောင်း ယှဉ်ကြည့်လိုက်ရင် မကောင်းတဲ့သူ ပိုများတာကိုတွေ့ရမှာပါ။ ဒါကတော့… နည်းပညာတစ်ခုတည်း မဟုတ်ပါဘူး၊ နေရာတိုင်းမှာ ရှိပါတယ်။ community တစ်ခုစီမှာကောင်းတဲ့လူတွေ အချိန်ရော၊ လူရော ပေးပြီးတာ့ အများကြီးပေးဆက်ပြီးတော့ ဖြည်းဖြည်းချင်းစီကောင်းလာတဲ့ Arch လို community တွေလည်းရှိပါတယ်။ တချိန်က Oracle နဲ့ Microsoft တို့လို tech giant တွေဟာ open source ကမ္ဘာမှာ နည်းနည်းအကောင်ထွားလာတဲ့ startup company တွေကို ဆက်ပြီးတော့ နလံမထူနိုင်အောင်လို့ လိုက်မြိုပါတယ်။ ဥပဒေရှိသော်လည်း ငွေများတရားနိုင်ခဲ့ရပါတယ်။ ဟိုတလောကပဲ… GNOME project ရဲ့ Shotwell Photo Manager ကို patent troll လိုက်ပြီးလုပ်နေကြအဖွဲ့ဖြစ်တဲ့ Rothschild Patent Imaging, LLC. က မပြောမဆိုကောက်ပြီးတော့ တရားကောက်ဆွဲပါတယ်။ အားလုံးသိပြီးတဲ့ အတိုင်း GNOME project တစ်ခုလုံးဟာ open source ဖြစ်လို့ တရားရင်ဆိုင်ကြရင် ငွေနဲ့ အချိန်အများကြီး သုံးရမှာကို စိုးရိမ်မှန်းသိပါတယ်။ အဲ့ဒါကြောင့်လည်း patent troll တွေဟာ ငွေလည်း နည်းနည်းတက်နိုင်တယ်၊ တရားခွင်မှာ ရင်ဆိုင်ရင် အလွယ်တကူနဲ့ နိုင်နိုင်ချေရှိတဲ့ ပစ်မှတ်ကိုလိုက်ရှာပြီးတော့ ငွေညစ်ကြတာဖြင့် ကြားလို့မှ မကောင်းဘူး။ Open source community တစ်ခုလုံး GNOME ဘက်မှာ ဝိုင်းဝန်းကြပြီးတော့ ငွေအားရော၊ လူအားရော စိုက်ထုတ်ကြမယ်ဆိုပြီး ချက်ချင်းသတင်းထွက်လာပါတယ်။ GNOME Foundation ရဲ့ Executive Director ဖြစ်တဲ့ Neil McGovern ကလည်း ဒီလို အဓိပ္ပာယ်မဲ့ တရားဆွဲဆိုမှုတွေကို လုံးဝမခံပဲနဲ့ ပြန်လည်ခုခံသွားမယ်လို့ ဆိုလာပါတယ်။ သူ့အနေနဲ့ သူတို့ GNOME Foundation ကြီးက အခုလိုမတရားလုပ်လာတာကို ခေါင်းငုတ်ခံလိုက်ရင် အခြားသော open source project တွေကို ဒီအတိုင်း ဒုက္ခလိုက်ပေးမှာ ကိုမလိုလားလို့ ပြန်ပြီးတော့ ခုခံရပုံပါ။ ဘယ်သူကတော့ အမှုလုပ်ချင်ပါ့မလဲ။ အခုအချိန်ထိ အဲ့ဒီအမှုက မပြီးသေးလို့ ဘယ်လိုအဆုံးသတ်မလဲဆိုတာ စောင့်ကြည့်နေရတုန်းပါ။ Open source community တစ်ခုလုံးကတော့ ဝိုင်းပြီး donate လုပ်ထားတာလည်း မနည်းဘူးလို့ ကြားသိရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

<figure><img src="/files/CuGv2mWAyL9DaFyYvaiZ" alt=""><figcaption></figcaption></figure>

<figure><img src="/files/a0wyGV55anyNfiTqZaFj" alt=""><figcaption></figcaption></figure>

ဒီစာကို ဖတ်တဲ့သူတွေတော့ တွေးကောင်းတွေးနေပါလောက်ပြီ။ အခုအချိန်ထိ Open source license အနားကို မရောက်သေးဘူး။ Open source software တွေကို advocate လုပ်တာနဲ့ Patent Troll တွေအကြောင်းပဲပြောသွားတာဖြင့် မူရင်း ခေါင်းစဉ်နာမည်တောင် ဘယ်နားရောက်သွားသလဲဆိုပြီးတော့ စဉ်းစားမိသလားလို့ပါ။ အထက်မှာပြောသွား အကြောင်းအရာအတွေ အကုန်လုံး တိုက်ရိုက်ဆက်နွယ်မှုရှိလို့ စကားပုလ္လင်ခံတဲ့ သဘောမျိုးပါ။ Open source project တွေအတွက် တရားခွင်မှာ ရင်ဆိုင်ကြတဲ့အခါ ဥပဒေဆိုင်ရာ ချည်နှောင်ထားတဲ့ license တစ်ခုခု၊ တရားခွင်မှာမိမိရဲ့ နည်းပညာထွက်ကုန်ကို ကာကွယ်ဖို့အတွက် အနည်းဆုံးတော့ Law Binding လုပ်ထားတဲ့ Open Source Software License လေးတွေလိုအပ်ပါတယ်။ ရှိပြီးသား license တွေကိုသုံးလို့ရနိုင်သလို၊ ကိုယ်က license တစ်ခုကိုတင်သွင်းချင်ရင်လည်း Open Source Initiative အဖွဲ့ က review လုပ်ပေးနိုင်ပြီးနောက်၊ တရားဝင်အသုံးပြုနိုင်ရန် approval process ကိုစနစ်တကျ သူတို့ site ပေါ်မှာရှင်းပြထားပါတယ်။ Approved လုပ်ထားတဲ့ license တစ်ခုဖြစ်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စတော့လည်း မဟုတ်ပါဘူး။ များသောအားဖြင့် approved လုပ်ပြီးသား license အမျိုးအစား တွေကို open source software တွေမှာ ယူသုံးကြပါတယ်။ အထင်ကရအားဖြင့်တော့အောက်ကအတိုင်း ၇ခုလောက်ပဲရှိပါတယ်။

* Apache License 2.0
* BSD Licenses
* GNU GPL
* MIT Licenses
* Mozilla Public License
* Common Development and Distribution License
* Eclipse Public License

အထက်က ၇ခုဟာ နေရာတော်တော်များများမှာအသုံးပြုတာကိုတွေ့ရမှာပါ။ ဒီအတွဲမှာတော့ စာရေးသူ အာရုံစိုက်ပြီးတော့ ရေးချင်တာကတော့ Apache၊ BSD နဲ့ MIT License အမျိုးအစားတွေပဲဖြစ်ပါတယ်။ GNU GPL ကိုတော့ ဟိုအရင်တုန်းက အပိုင်းလေးတွေခွဲပြီးတော့ ရေးသားခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ BSD Licenses တွေနဲ့စချင်ပါတယ်။ အဲ့ဒါပြီးတဲ့ နောက် MIT license နဲ့ နောက်ဆုံးပိတ်မှာတော့ Apache License နဲ့ အဆုံးသတ်ချင်ပါတယ်။

### BSD Licenses

BSD license အမျိုးအစားဟာ permissive လို့ခေါ်တဲ့ အကန့်အသတ်မရှိခွင့်ပြုထားတဲ့ license အမျိုးအစားတစ်ခုပါ။ နာမည်မှာပါတဲ့အတိုင်း BSD ဆိုတာဟာ Berkeley က သူတို့ရဲ့ Unix-like operating system တစ်ခုဖြစ်တဲ့ Berkeley Software Distribution (BSD) မှာတွဲပြီးတော့ အသုံးပြုနိုင်အောင်လို့ ချမှတ်ခဲ့တဲ့ license တစ်ခုပါ။ ကန့်သတ်ချက် အနည်းဆုံး ဖြစ်အောင်ကြိုးပမ်းထားတာဖြစ်တဲ့အတွက် Richard Stallman (RMS) ရဲ့ copyleft licenses အမျိုးအစားတွေနဲ့တော့ ကွာခြားမူရှိပါတယ်။ ဥပမာ BSD license အမျိုးအစားကို အသုံးပြုခြင်းအားဖြင့် software တစ်ခုရဲ့ source code ကိုယ်ပြန်လည်ထည့်သွင်းရင်လည်းရသလို၊ မထည့်ချင်လည်းရတယ်ဆိုတဲ့အချက်ပါ။ ဒါကြောင့်လည်း Richard Stallman (RMS) နဲ့ Open Source အဖွဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ Richard Stallman (RMS) အနေနဲ့ source code ကိုမြင်နိုင်မှ freedom အစစ်အမှန်လို့ဆိုသော်လည်း၊ open source ဝိုင်းတော်သားတွေအနေနဲ့တော့ source code ကိုမဖြစ်မနေ ပြန်လည်ဖွင့်ချပေးရမယ်ဆိုရင် ဘယ်လိုမှ business model မရှိတော့တဲ့အတွက် software သမားတွေအတွက် တော်တော်လေးတိုင်ပတ်မယ်လို့ ထင်တဲ့အတွက် source code ကို မထည့်လိုရင်လည်း ရနိုင်ရမယ်လို့ တဘက်တချက်ကနေ ဆိုပြန်ပါတယ်။ နှစ်ဦးနှစ်ဖက် သွားရာလမ်းတူသော်လည်း သုံးသပ်ချက်အမြင်ကွာဟမှုကြောင့် ထိပ်တိုက်တွေကြပြီး၊ open source မှာလည်းဒီလိုမျိုး အားနည်းချက်တွေရှိနေသေးတာလည်း developer တွေကြားမှာ tribalism ဆိုတဲ့ အုပ်စုကွဲစေတဲ့အချင်းအရာတွေပဲဖြစ်ပါတယ်။

<figure><img src="/files/w9sYp9nUJmFW1Lfo1I8u" alt=""><figcaption></figcaption></figure>

နောင်တချိန်မှာလည်း BSD License ကို လိုအပ်တွေအမျိုးအမျိုးကြောင့် အချက်တချက် ဖြုတ်ဖို့လည်း ဖြစ်လာတာကြောင့် 3-clause BSD License ရယ်လို့ ခေါ်ဆိုလာတာအခုအချိန်ထိပါပဲ။ စတင်မိတ်ဆက်တဲ့ License ကတော့ အချက်လေးချက်ကို အခြေခံထားလို့ 4-clause BSD License ရယ်လို့ တချိန်က ခေါ်ဆိုခဲ့ကြပါတယ်။ အောက်မှာကတော့ 4-clause BSD License ရဲ့ မူရင်း မိတ်တူပဲဖြစ်ပါတယ်။

Copyright (c) ,\
All rights reserved.

Redistribution and use in source and binary forms, with or without modification, are permitted provided that the following conditions are met:

1. Redistributions of source code must retain the above copyright notice, this list of conditions and the following disclaimer.
2. Redistributions in binary form must reproduce the above copyright notice, this list of conditions and the following disclaimer in the documentation and/or other materials provided with the distribution.
3. All advertising materials mentioning features or use of this software must display the following acknowledgement: This product includes software developed by the \<organization>.
4. Neither the name of the nor the names of its contributors may be used to endorse or promote products derived from this software without specific prior written permission.

THIS SOFTWARE IS PROVIDED BY ”AS IS” AND ANY EXPRESS OR IMPLIED WARRANTIES, INCLUDING, BUT NOT LIMITED TO, THE IMPLIED WARRANTIES OF MERCHANTABILITY AND FITNESS FOR A PARTICULAR PURPOSE ARE DISCLAIMED. IN NO EVENT SHALL BE LIABLE FOR ANY DIRECT, INDIRECT, INCIDENTAL, SPECIAL, EXEMPLARY, OR CONSEQUENTIAL DAMAGES (INCLUDING, BUT NOT LIMITED TO, PROCUREMENT OF SUBSTITUTE GOODS OR SERVICES; LOSS OF USE, DATA, OR PROFITS; OR BUSINESS INTERRUPTION) HOWEVER CAUSED AND ON ANY THEORY OF LIABILITY, WHETHER IN CONTRACT, STRICT LIABILITY, OR TORT (INCLUDING NEGLIGENCE OR OTHERWISE) ARISING IN ANY WAY OUT OF THE USE OF THIS SOFTWARE, EVEN IF ADVISED OF THE POSSIBILITY OF SUCH DAMAGE.

တတိယအချက်ဖြစ်တဲ့ advertising clause ဟာ ဥပဒေအရရော၊ အဲ့ဒီအချိန်က GNU GPL နဲ့တွဲပြီးတော့ အသုံးပြုဖို့ အတွက်မှာ အဆင်မပြေတာကြောင့် ထိုအချက်ကို တော်တော်များများ ဝေဖန်ခဲ့ကြပါတယ်။ ဒီအချက်ကတော့ software နဲ့ ပတ်သတ်ပြီးတော့ သူ့ရဲ့ features အင်္ဂါရပ် နဲ့ use အသုံးပြုပုံတွေကို ကြော်ငြာတဲ့အခါမှာ အရှေ့မှာ contribute လုပ်ထားတဲ့ အဖွဲ့အစည်းနာမည်တွေ အကုန်ထည့်ခိုင်းတာပဲဖြစ်ပါတယ်။ permissive license အမျိုးအစားဖြစ်ပေမယ့်လည်း အဲ့ဒီလို အကုန်ထည့်သွင်းဖို့ရာ လက်တွေ့မကျတာတစ်ခုနဲ့ အခြားသော ဥပဒေဆိုင်ရာ အရှုပ်အထွေးတွေရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့် ၄င်းအချက်ကို ဖြုတ်ပစ်လိုက်ပြီးတော့ အောက်မှာ ဖော်ပြထားတဲ့ မူရင်းမိတ်တူ 3-clause BSD license အဖြစ်ထပ်ပြီးတော့ ပြင်ဆင်လိုက်ကြပါတယ်။ အဲ့ဒီအတွက်လည်း တခါတရံ BSD License 2.0၊ တချို့လည်း Revised BSD License၊ ဒါမှမဟုတ်ရင် New BSD License၊ နောက်ဆုံး Modified BSD License လို့နာမည်အမျိုးမျိုးနဲ့ ခေါ်တွင်လာခဲ့ကြပါတယ်။

Copyright (c) ,\
All rights reserved.

Redistribution and use in source and binary forms, with or without modification, are permitted provided that the following conditions are met:

1. Redistributions of source code must retain the above copyright notice, this list of conditions and the following disclaimer.
2. Redistributions in binary form must reproduce the above copyright notice, this list of conditions and the following disclaimer in the documentation and/or other materials provided with the distribution.
3. Neither the name of the nor the names of its contributors may be used to endorse or promote products derived from this software without specific prior written permission.

THIS SOFTWARE IS PROVIDED BY ”AS IS” AND ANY EXPRESS OR IMPLIED WARRANTIES, INCLUDING, BUT NOT LIMITED TO, THE IMPLIED WARRANTIES OF MERCHANTABILITY AND FITNESS FOR A PARTICULAR PURPOSE ARE DISCLAIMED. IN NO EVENT SHALL BE LIABLE FOR ANY DIRECT, INDIRECT, INCIDENTAL, SPECIAL, EXEMPLARY, OR CONSEQUENTIAL DAMAGES (INCLUDING, BUT NOT LIMITED TO, PROCUREMENT OF SUBSTITUTE GOODS OR SERVICES; LOSS OF USE, DATA, OR PROFITS; OR BUSINESS INTERRUPTION) HOWEVER CAUSED AND ON ANY THEORY OF LIABILITY, WHETHER IN CONTRACT, STRICT LIABILITY, OR TORT (INCLUDING NEGLIGENCE OR OTHERWISE) ARISING IN ANY WAY OUT OF THE USE OF THIS SOFTWARE, EVEN IF ADVISED OF THE POSSIBILITY OF SUCH DAMAGE.

ဒီ 3-clause BSD License ကို လိုရင်းရှင်းရရင်တော့ ပထမတချက်က source code ကို ပြန်လည် ဖြန့်ဝေမျှဝေဖို့ရာ ဒီလိုပုံစံတူ copyright ကိုပဲဆက်ပြီးတော့ သုံးရမယ်လိုဆိုပါတယ်။ “Copyright \<YEAR> \<COPYRIGHT HOLDER>” ဆိုတဲ့ format ကိုဆိုလိုရင်းဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီအချက်သုံးချက်ကိုလည်း ပြန်လည်ထည့်သွင်းစေပြီး၊ နောက်ဆုံးမှာပါတဲ့ “THIS SOFTWARE IS PROVIDED BY THE COPYRIGHT HOLDERS … EVEN IF ADVISED OF THE POSSIBILITY OF SUCH DAMAGE.” ဆိုတဲ့ disclaimer ကိုပဲသုံးရပါ့မယ်။

ဒုတိယအချက်ကတော့ ပထမအချက်နဲ့ ခပ်ဆင်ဆင်ဖြစ်ပြီးတော့ source code နေရာမှာ binary form ကိုသုံးလိုက်တာပဲဖြစ်ပါတယ်။ ဒီအချက်ကတော့ permissive ဆိုတဲ့အတိုင်း ကိုယ်က source code ကို မထုတ်ပြပဲနဲ့ binary file ကိုပဲ final product အနေနဲ့ ထုတ်ပြချင်တယ်ဆိုရင်၊ ဒီ software နဲ့ပတ်သတ်ပြီးတော့ ထုတ်သမျှ documentation နဲ့ materials တွေပေါ်မှာ ၄င်းနည်းတူ copyright notice နဲ့ disclaimer ကိုပဲပြန်သုံးပေးရမယ် လို့ဆိုပါတယ်။

နောက်ဆုံးအချက်ဖြစ်တဲ့ တတိယတချက်ကတော့ ကြိုတင် ခွင့်ပြုစာမရှိပဲနဲ့ copyright holder နာမည်တွေ၊ contributor နာမည်တွေကို အသုံးပြုပြီးတော့ product တွေကို promote မလုပ်ရဘူးဆိုတဲ့ အချက်ပါ။ Project မှာပါတဲ့ လူသိများတဲ့ company နာမည်တွေ၊ နည်းပညာဘက်မှာ နာမည်ကြီးတဲ့ rockstar developer တွေရဲ့ နာမည်တွေကို အလွှဲသုံးစာလုပ်ရင် ကာကွယ်လို့ရအောင်လို့ သတ်မှတ်ပေးထားတဲ့ အချက်တစ်ခုပါ။

3-clause BSD License မှာကျန်တဲ့အပိုင်းတွေကို အသေးစိတ်မသွားတော့ပါဘူး။ အကယ်လို့များ ကိုယ့်အနေနဲ့ တတိယအချက်ကို မထည့်ချင်ရင်လည်း 2-clause BSD License ကို ကိုယ်လိုသလိုထည့်သွင်းပြီးတော့ သုံးလို့ရပါတယ်။ တချက်ချင်းစီကို ပြင်လို့မရပါ။ အချက်တွေကို လိုတိုးပိုလျှော့တော့ လုပ်လို့ရပါတယ်။ ဒါကြောင့် 0-clause BSD License (0BSD) နဲ့ 1-clause BSD License (BSD-1-Clause) ဆိုပြီးတော့လည်းရှိပြန်ပါတယ်။ ဒီလောက်ဆိုရင်တော့ BSD License နဲ့ပတ်သတ်ပြီးတော့ တော်တော်လေးပြည့်စုံသွားပြီလို့ထင်ပါတယ်။ နောက် post တွေမှာတော့ MIT License ကိုဆက်ပါ့မယ်။ ဒီတစ်ခုကိုတော့ ဒီမှာပဲရပ်လိုက်ပါတော့မယ်။


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/linuxbsd/opensource-licenses-part1.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
