Storage အကြောင်းတစေ့တစောင်း – အပိုင်း(၁)
Last updated
Last updated
File Systems တွေအကြောင်းကို ရေးမယ်စဉ်းစားမိတော့ ဘာအကြောင်းတွေကိုဖြင့် ထည့်သွင်းရမလဲဆိုပြီးတော့ အတွေးလေးတစ်ခုရပါတယ်။ ရေးမယ်ဆိုပြီး ခဲတို့ထားတော့ကြာပါပြီ။ ဒီအတိုင်း file systems တွေအကြောင်းကို အချက်အလက်တွေစုဆောင်းပြီးတော့ ဒီတိုင်းကြီးရေးချရမှာကိုလည်း ပျင်းနေလို့ မရေးဖြစ်တဲ့ အကြောင်းအရာတစ်ခုပါ။ File system တစ်ခု အကြောင်းကို အသေးစိတ်သွားတော့ မယ်ဆိုရင် storage ဟာမပါလို့ မပြီးတဲ့ topic ပါ။ ဒီတော့ storage အကြောင်းကစမယ်လို့ တစ်ခါအတွေးလေးရမိပြန်ပါတယ်။ စာရေးသူက storage ဘက်မှာမသိတာတွေများလို့ အကြောင်းအရာတွေစုဆောင်းရာကနေပြီးတော့ storage ရဲ့ rabbit-hole အတိုင်း တော်တော်လေး လိုက်ဖတ်မိတော့ ထင်သလောက်တော့ storage ဟာလည်း နားလည်ရ အရမ်းကြီး မခက်ဘူးလို့ သိလာပြန်တယ်။ အဲ့ဒီနောက်ရပြီဆိုပြီးတော့ ရေးမယ်လုပ်ပြန်တော့ storage အကြောင်းပြောလက်စနဲ့တော့ hard disk တွေအကြောင်း၊ solid state drive တွေအကြောင်းကိုလဲ ထည့်ပြောမှ တော်ကာကျမယ်ဆိုပြီးတော့ တွေးမိပြန်တယ်။ ဒါကြောင့် hard disk တွေအကြောင်း၊ solid state drive တွေအကြောင်းကို သိပြီးသည့်တိုင်အောင် နည်းနည်းလေး လေ့လာရပြန်ရော။ ရေးဖို့ကို တည်လိုက်ရင်း ဟာ… ဒါတော့ဖြင့် မလုံလောက်သေးဘူး ထက်ရှာ ထက်ဖတ်ဖို့ လိုမယ်ထင်လို့ ဖြည့်ရင်း ဘောင်ဘင်ခတ်တဲ့ အိုးက ဘောင်ဘင်ခတ် နေမြဲမို့ အခုပဲချရေးလိုက်တော့မယ်ဆိုပြီး ရေးဖို့ကိုဆုံးလိုက်ပါတော့တယ်။
အမှန်တကယ် rabbit-hole အတိုင်းသွားရင်တော့ punched tape တွေအကြောင်းကနေစရပါလိမ့်မယ်။ အဆင့်ဆင့်ပြောင်းလဲလာပုံကို လေ့လာရင်း တော်တော်လေးကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ data တွေကို ဘယ်လိုသိမ်းဆည်းသလဲဆိုတဲ့ အကြောင်းလေးတွေပါ။ သို့သော်လည်း စာရေးသူ ပြောချင်တဲ့ file system အကြောင်းနဲ့တော့ တိုက်ရိုက် ဆက်စပ်မှု မရှိတော့တဲ့အတွက် လက်ရှိအချိန်ထိ လက်တွေ့အသုံးပြုနေရတုန်းဖြစ်တဲ့ magnetic hard drive တွေအကြောင်းကနေစလိုက်ခြင်းပဲ ဖြစ်ပါတယ်။ magnetic tape တွေကိုလည်း အခုအချိန်ထိတော့ data backup အတွက်တော့ အသုံးပြုနေဆဲပါ။ Magnet ကို အသုံးပြုပြီးတော့ data ကိုသိမ်းဆည်းပုံမှာတော့ တူပါတယ်။ သို့သော် hard drive တွေမှာလိုမျိုး magnetic tape တွေမှာ အများကြီးပြောင်းလဲတိုးတက်သွားတာမျိုး မရှိပါ။ Hard drive ကို အသုံးပြုပြီးတော့ data သိမ်းဆည်းတဲ့ နေရာမှာတော့ Moore’s law တွင်ဆိုထားတဲ့ အတိုင်း exponential ဆတိုး ပြီးတော့ သိုလှောင်သိမ်းဆည်း နိုင်စွမ်းဟာ တစ်နှစ်တခါ နှစ်နှစ်တခါ တိုးလို့လာပါတော့တယ်။ ဒီတော့ hard drive size အတိုင်းပဲ ဒီ mechanism အတိုင်းပဲ သုံးပြီးတော့ capacity တိုးတက်အောင်လုပ်သလဲဆို အရင်ဆုံး လေ့လာကြည့်ရအောင်။
Hard disk drive လို့ဆိုလိုက်ပြီဆိုတာနဲ့ သူ့ရဲ့ case ထဲမှာ အောက်ဖော်ပြပါ physical အစိတ်အပိုင်းတွေပါဝင်ပါတယ်။
Platters – ဒီ platters ဆိုတာကတော့ သံလိုက်ဓာတ်ပါတဲ့ စက်ဝိုင်းပုံ သတ္တုပြားအချပ်တွေပါ။ ဒီသတ္တုပြားတွေပေါ်မှာ magnetic charge တွေကို အသုံးပြုပြီးတော့ data တွေကိုသိမ်းဆည်းသိုလောင်တဲ့ မျက်နှာပြင်တွေပါဝင်ပါတယ်။ hard disk drive အဟောင်းတွေမှာ capacity များတဲ့ hard disk drive တွေမှာ platters အချပ်တွေအများကြီးကို အဆင့်ဆင့်ထပ်ပြီးတော့ ထည့်သွင်းခြင်းဖြင့် data တွေပိုမို သိမ်းဆည်းဖို့အတွက် လုပ်ကြပါတယ်။ အဲ့ဒီ platters တွေကြောင့် ပုံမှန်အားဖြင့် ပိုလည်းလေးပြီးတော့ energy consumption လည်း အနည်းငယ်ပိုပါတယ်။ အခုနောက်ပိုင်းတော့ နည်းပညာတိုးတက်လာတဲ့အလျှောက် နည်းမျိုးစုံနဲ့ platter နှစ်ချပ်ကနေ သုံးချပ်ထဲမှာပဲကို data တွေအများကြီးသိမ်းလို့ ရအောင် ကြိုးပမ်းလာကြပါတယ်။
Spindle motor – အထက်က platters တွေကိုလှည့်ဖို့အတွက်ထည့်ထားတဲ့ အလယ်က ဝင်ရိုးတန်း လျှပ်စစ် motor တစ်ခုပါ။ ဒီ motor ရဲ့အလုပ်ကတော့ တစ်မိနစ်အတွင်း အပတ်ရေ ဘယ်လောက်ကို လှည့်နိုင်တယ်ပေါ်မှာ မူတည်ပြီးတော့ revolution-per-minute (rpm) ကိုသိနိုင်ပါတယ်။ ပုံမှန် hard disk တွေဟာ 7200 rpm နဲ့ လာပြီး၊ ဒီထက်နှေးတဲ့ မြန်တဲ့ rpm တွေနဲ့လာတဲ့ hard disk တွေလည်းရှိပါတယ်။ RPM များလေလေ read/write speed မြန်လေလေဖြစ်တဲ့အတွက် စျေးလည်းပိုကြီးပါတယ်။ လှည့်ပတ်နှုန်းပိုမြန်တဲ့အတွက် သူ့ကထွက်တဲ့ အသံဟာလည်း ပိုပြီးတော့ ကျယ်လောင်တတ်ပါတယ်။
Read/Write Arm – ဒါကတော့ platters ပေါ်က data တွေကို ရေးတဲ့ ဖတ်တဲ့အခါမှာ သုံးတဲ့ မောင်းတံ တစ်ခုပါ။ တခါတခါ head arm သို့မဟုတ် actuator arm လို့လည်းခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူ့မောင်းတံရဲ့ ထိပ်မှာ data တွေကို read နဲ့ write လုပ်တဲ့ head တစ်ခုပါပြီး၊ အဲ့ဒီ head နဲ့ platters တွေရဲ့ မျက်နှာပြင်ဟာ ထိလုနီးပါး အနေအထားမှာ ရှိလို့နေပါတယ်။ အကြမ်းဖျင်းအားဖြင့် လူ့ရဲ့ DNA ကို ဆွဲထုတ်ပြီးတော့ တို်င်းတာကြည့်လိုက်ရင်ဖြင့် DNA အမျှင် နှစ်မျှင်မျှသာသာ လွှတ် တယ်လို့ ဆိုပါတယ်။ အတိုင်းအတာ အမြင့်အားဖြင့် 3 nanometres ပင်ရှိလေသည်။ ထိုအတွက် head နဲ့ မျက်နှာပြင်နှစ်ခုကြားမှာ friction မရှိသလောက်ဖြစ်အောင် air bearing တစ်ခုပါရှိပြီးတော့၊ အဲ့ဒီ air bearing ကပဲ ၄င်း 3 nanometres အကွာအဝေး ကို constant ဖြစ်အောင်လုပ်ပေးထားပါတယ်။ ဒီလိုမှာမဟုတ်ရင်တော့ read/write head နဲ့ platters မျက်နှာပြင်တွေမှာ နှစ်ခုထိပြီးတော့ data တွေကို ဖျက်စီးသွားနေနိုင်မှာပါ။
Actuator – ဒီဟာကတော့ read/write arm ကိုရှေ့တိုးနောက်ဆုတ် ပြုလုပ်ဖို့အတွက်လုပ်ထားတဲ့ နောက်ထပ် motor တစ်ခုပါ။ Platters ပေါ်မှာရှိတဲ့ data ကိုရေးတဲ့ ဖတ်တဲ့အခါမှာ ဘယ် track ပေါ်မှာရေးရဖတ်ရမလဲဆိုတာကို ရွေ့ပေးတဲ့ motor တစ်ခုပါ။ ဒါကြောင့် သူ့ကို head actuator လို့လည်းနောက်တမျိုး ခေါ်ကြပါတယ်။
အထက်မှာကတော့ hard disk drive တစ်လုံးရဲ့ အတွင်းထဲမှာ data တွေကို သိုလှောင်ဖို့အတွက် လုပ်ထားတဲ့ အစိတ်အပိုင်းအချို့ပါ။ နောက်ထပ် အခြားသော chips တွေကို circuit board ပေါ်မှာတွေ့နိုင်ဖြစ်ပြီးတော့ သူ့အတွက် power ပေးဖို့အတွက် power input interface နဲ့ data အတွက် IDE၊ SCSI သို့မဟုတ် SATA ဆိုပြီးတော့လာတတ်ပါတယ်။ အရွယ်အစားအားဖြင့်လည်း ပုံစံမျိုးစုံနဲ့ လာပြီးတော့ 2.5-inch ဆိုရင် laptop နဲ့ low-profile desktop PC တွေအတွက်အပြင် 3.5-inch ဆိုရင်တော့ ပုံမှန် desktop PC တွေနဲ့ server storage တွေအတွက် အသုံးပြုကြပါတယ်။ အခြားသော form factor နဲ့ လာတဲ့ hard disk drive အရွယ်အစားတွေလည်း ရှိသေးတယ်။ ဒီ့အပြင် Western Digital (WD) မှာဆိုရင် အရောင်အလိုက် ကိုယ်သုံးမယ့်နေရာမှာမူတည်ပြီး စျေးလည်းကွာခြားတတ်ပါတယ်။ ဥပမာ အပြာရောင်ဆိုရင် ပုံမှန် နေ့စဉ်သုံး PC မှာသုံးဖို့ထုတ်ထားပြီး အနီရောင်ဆိုရင် ဖြင့် NAS တွေမှာသုံးဖို့ထုတ်လုပ်ပါတယ်။ အခြား vendor မှာလည်း သူ့ classification နဲ့ သူရှိတဲ့အတွက် ပြောစရာတွေတော်တော်လေးကို များလွန်းတယ်။ ဒီ post မှာတော့ storage နဲ့ သူ့ရဲ့ file system တွေအကြောင်းကိုအသားပေးပြီးတော့ ပြောချင်တာဖြစ်တဲ့အတွက် အခြားအစိတ်အပိုင်းတွေကို အသေးစိတ်မသွားတော့ပါဘူး။ နောက်တဆင့်အနေနဲ့ data တွေကိုသိမ်းဆည်း သိုလှောင်ရာမှာ သိထားရမယ့် logical အစိတ်အပိုင်းလေးတွေကို သွားလိုက်ရအောင်။
Head – logical အစိတ်အပိုင်းလို့ ပြောသော်လည်း ဒီ head ဆိုတဲ့အရာဟာ အထက်မှာပြောသွားတဲ့ read/write arm ရဲ့ ထိပ်က transducer လို့ခေါ်တဲ့ magnetic ရဲ့ ပုံစံကို ပြောင်းလဲပေးနိုင်တဲ့ ခေါင်းလေးတစ်ခုပါ။ transducer ဟာ data တွေကို hard disk ရဲ့ platter ပေါ်မှာရေးတဲ့အခါမှာ write operation အတွက် အသုံးပြုပါတယ်။ လိုအပ်တဲ့ data ကိုရေးဖို့အတွက် transducer ဟာ magnetic recording လုပ်တဲ့အခါမှာ သံလိုက်ရဲ့ ဦးတည်ရာကို တောင်ဘက်သို့မဟုတ် မြောက်ဘက်ကို လှည့်ပေးခြင်းဖြင့် binary number အတွက် 0 နဲ့ 1 ကို ဖြစ်စေပါတယ်။ ဆိုကြပါတော့ တောင်ဘက်လှည့်နေတဲ့ နေရာကို 0 လို့ယူပြီးတော့ မြောက်ဘက်လှည့်ရင် 1 လို့သတ်မှတ်လိုက်ခြင်းအားဖြင့် computer တစ်လုံးရဲ့ binary တွက်ချက်မူဖြင့် ASCII code ကိုအသုံးပြုပြီးတော့ characters တွေကို data အနေနဲ့ သိမ်းဆည်းရနိုင်ပါတယ်။ ဒီလိုတောင်နဲ့မြောက်ဘက် သို့မဟုတ် အပေါ်နဲ့ အောက်ကို အသုံးပြုပြီးတော့ transducer လုပ်ပေးပြီးတော့ data သိမ်းလှောင်မူကို perpendicular recording လို့ခေါ်ပါတယ်။ ထောင့်မှန်ကျ သိမ်းဆည်းသိုလှောင်မှု လို့ဆိုလိုက်ပါ့မယ်။ ဒီ့မတိုင်ခင်က longitudinal recording ဆိုတဲ့ နည်းကို သုံးပါတယ်။ အလျားလိိုက် သိမ်းဆည်းသိုလှောင်တဲ့အတွက် transducer ဟာ သံလိုက်ပုံစံကို အရှေ့အနောက် သို့မဟုတ် ဘယ်ညာဆိုပြီးတော့ ထားတယ်။ ပြဿနာက data တွေကို သိမ်းဆည်းနိုင်စွမ်း များလာလေ အလျားလိုက် ထားသိုမူက super-paramagnetic effect ဆိုတာဖြစ်စေပါတယ်။ အလျားလိုက်အနေအထားမှာ သံလိုက်ရဲ့ စွမ်းအင်ဟာ ဘေးချင်းကပ်နေတဲ့ သံလိုက်စွမ်းအားကို ဆွဲလိုက် ကန်လိုက်နဲ့ မူရင်း သံလိုက်ပုံစံ တွေဟာ အရှေ့ကနေ အနောက်၊ အနောက်ကနေ အရှေ့ကို ပြောင်းလဲသွားခြင်းဖြင့် bit flip ဖြစ်ကုန်ပါလေရော။ အဲ့ဒီမှာပဲ သိမ်းထားတဲ့ data တွေဟာ corrupt ဖြစ်ပြီးတော့ ပြန်ဖတ်တဲ့အခါမှာ ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ ဒီအတွက် hard disk ထုတ်တဲ့သူတွေဟာ data တွေလည်း ပိုလည်းဆန့်မယ်၊ super-paramagnetic effect လည်း နည်းအောင်လို့ perpendicular recording ဆိုတဲ့ ထောင့်မှန်ကျ တောင်နဲ့မြောက်ဘက်ကို အသုံးပြုလာကြပါတယ်။ Data တွေကို ပြန်ပြီးတော့ ဖတ်တဲ့အခါမှာလည်း ဒီ head ကို အသုံးပြုပြီးတော့ပဲ magnetic recording ကိုပြန်လည် သယ်ဆောင်ပါတယ်။ အထက်ပါ nature ကြောင့် စာရေးသူ head ကို logical အစိတ်အပိုင်းမှာ ထည့်သွင်း ဖော်ပြရခြင်းဖြစ်ပါတယ်။ Platter တစ်ခုမှာ အပေါ်နဲ့အောက် မျက်နှာပြင်နှစ်ခုရှိတဲ့ အတွက် head လည်း နှစ်ခုရှိပါတယ်။ ဒီအတိုင်းပဲ platter နှစ်ခုဆိုရင် head ကလည်း လေးခုဖြစ်သွားမှာပါ။ “၁ အချိုး ၂” အချိုးအတိုင်းသွားမှာပါ။
Cylinder – Cylinder လုံးရှည်ရှည်ပုံစံမျိုး hard disk မှာတစ်ခုမှ မပါဝင်ပါ။ သို့သော်လည်း cylinder လို့ဆိုရခြင်းအကြောင်းမှာ platter တွေကို အထပ်လိုက် အပေါ်အောက်စီပြီးကြည့်လိုက်ခြင်းဖြင့် cylinder လုံးရှည်ပုံစံထွက်လာပါတယ်။ အထပ်လိုက်လို့ ပြောရခြင်းမှာ head ရဲ့ အရှေ့တိုးနောက်ဆုတ် နေရာပေါ်မှာမူတည်ပြီးတော့ platter တစ်ခုစီရဲ့ read/write လုပ်တဲ့အခါမှာ မျက်နှာပြင်တိုင်းမှာ သွားပြီး အရေးအဖတ်လုပ်ခြင်းက ပိုပြီးတော့ ထိရောက်မူ ရှိပါတယ်။ ဒီ့အတွက် read/write လုပ်တဲ့အခါမှာ အတွင်း cylinder လား အပြင် cylinder လားဆိုပြီးတော့ နေရာချတာ ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ Read/Write Arm ဟာ နေရာတစ်ခုတည်းမှာနေပြီးတော့ ရှိသမျှ platter တွေရဲ့ မျက်နှာတွေအားလုံးကို ရေးနိုင်ဖတ်နိုင်တဲ့အတွက် seek time နည်းသွားပါတယ်။ ဒါကြောင့် cylinder ကို hard disk တစ်လုံးရဲ့ logical အစိတ်အပိုင်းဆိုပြီးတော့ သတ်မှတ်ကြပါတယ်။
Track – Cylinder မှာလိုပဲ track ဆိုတာဟာလည်း platter ရဲ့ မျက်နှာပြင်တစ်ခုပေါ်မှာ Read/Write head နေရာမပြောင်းပဲ စက်ဝိုင်းအတိုင်းလှည့်ပြီးတော့ ဆွဲလိုက်ရင် ပေါ်လာတဲ့ လမ်းကြောင်း တစ်ခုကို track တစ်ခုလို့ သတ်မှတ်ပါတယ်။ ဒီတော့ အတွင်း track လား အပြင် track လားဆိုပြီးတာ့ ရှာဖွေလို့ရနိုင်လို့ logical အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ကြပါတယ်။ Track တွေကို အပေါ်အောက် အထပ်လိုက်စီလိုက်ရင်ဖြင့် cylinder တစ်ခုဖွယ် ဖြစ်သွားတာကိုလည်း သတိထားမိမှာပါ။ ဒါက cylinder နဲ့ track ရဲ့ ဆက်နွယ်မူပါ။
Sector – Sector ဆိုတာကတော့ နည်းပညာ အသုံးအနှုန်း ပြောရင်တော့ minimum data unit လို့ပြောတဲ့ အနည်းဆုံး data သိုလှောင်ရာ အစုအဝေးတစ်ခုပါ။ ဒီ minimum data unit ကို hard disk ထုတ်လုပ်တဲ့ vendor တွေက hardware level မှာ sector size မျိုးစုံနဲ့ သတ်မှတ်ကြပါတယ်။ 512 bytes၊ 1024 bytes၊ 2048 bytes၊ 4096 bytes (4K) ရယ်ဆိုပြီးတော့လာပါတယ်။ Sector size ကြီးလေလေ ပိုပြီးတော့ data တွေကို သိမ်းဆည်း နိုင်စွမ်းများလေလေပါ။ တခါတလေလည်း sector ကို block size ဆိုပြီးတော့လည်း သုံးနှုံးခေါ်ဆိုကြပါတယ်။ Data တွေကို disk ပေါ်မှာသိမ်းတဲ့အခါမှာ sector size ကအရေးပါတဲ့ နေရာမှာရှိပါတယ်။ အရင်တုန်းက 512 bytes sector size ကို အသုံးပြုပြီး အဲ့ဒီအချိန်တုန်းက သိမ်းဆည်းတဲ့ file size တွေဟာလည်း အခုလောက်မကြီးတဲ့အတွက် sector သေးတာပိုပြီးတော့ ထိရောက်မူရှိပါတယ်။ 1.2 KB ရှိတဲ့ file တစ်ခုကို 512 bytes sector နဲ့ သိမ်းတဲ့အခါမှာ sector ၃ခုနဲ့ ကုန်ပါလိမ့်မယ်။ နောက်ဆုံး sector ကိုသုံးတဲ့အခါမှာ 512 bytes အပြည့်သုံးစရာမလိုသော်လည်း 0.2 KB သို့မဟုတ် 200 bytes အတွက် sector တစ်ခုပေးလိုက်ရတယ်။ အဲ့ဒီအတွက် 312 bytes ဟာ မသုံးပဲနဲ့ အလကားဖြစ်သွားပါတယ်။ သို့သော် နောက်ပိုင်းအသုံးပြုလာတဲ့ 4096 bytes သို့မဟုတ် 4K sector size ကို အသုံးပြုမယ်ဆိုရင် အဲ့ဒီ 1.2 KB ရှိတဲ့ file ကိုသိမ်းဖို့အတွက် sector တစ်ခုပဲလိုပြီး 4096 bytes – 712 bytes (1.2KB) = 3384 bytes ဆိုတဲ့အတွက် ပိုပြီးတော့ bytes တွေကို ဆုံးရှုံးရပါတယ်။ ဒီအတွက် အခုခေတ် 4K sector size ကိုအသုံးပြုတဲ့ hard disk တွေမှာ file သေးသေးလေးတွေအများကြီးသိမ်းဆည်းခြင်းဖြင့် ကိုယ်လည်းမသုံးရပဲနဲ့ hard disk ပေါ်မှာ bytes တွေများစွာဆုံးရှုံးရမှာပါ။ ဆိုတော့ကာ sector size ကြီးခြင်းသေးခြင်းမှာ ကောင်းကျိုး ဆိုးကျိုး နှစ်ခုရှိပါတယ်။ အထက်က ဥပမာမှာ ကြည့်ခြင်း အားဖြင့် sector size အသေးဟာ file size အသေးလေးတွေကို သိမ်းဖို့အတွက်ကောင်းပြီးတော့ file ကို ပြန်ပြီးတော့ read လုပ်တဲ့အခါမှာ seek time ပိုများပါတယ်။ 1.2 KB ရှိတဲ့ file ကို reconstruct လုပ်ဖို့အတွက် sector ၃ခုကို ပြန်ပြီးတော့ ဖတ်ရပါတယ်။ နောက်တစ်ခုက သုံးတဲ့ sector အရေအတွက် များလေလေ fragmentation ဖြစ်နိုင်ချေလည်း ပိုများသွားပါတယ်။ အဲ့ဒီအတွက် defragmentation ပြန်ပြီးတော့ လုပ်ပေးရပါတယ်။ sector size ကြီးရင်တော့ မလိုအပ်ပဲ ကုန်သွားတဲ့ space တွေရှိသော်လည်း sector တစ်ခုတည်းကို ဖတ်ရတဲ့အတွက် seek time ဟာ ပိုတိုသွားတယ်။ အဲ့ဒီအတွက် performance ဟာလည်း သိသိသာသာတက်လာစရာရှိပါတယ်။ ဒီ့အတွက်အချို့သော virus program တွေဟာ user မသိအောင် file သေးသေးလေးတွေကို ဖန်တီးခြင်းဖြင့် system တစ်ခုမှာ storage မကုန် ကုန်အောင်လုပ်တဲ့ နည်းတွေကို သုံးပြီးတော့ user တွေကို ဒုက္ခပေးတတ်ကြတယ်။ Sector/block ဆိုတာလည်း hard disk တစ်လုံးရဲ့ အရေးပါတဲ့ logical အစိတ်အပိုင်းတစ်ခု အနေနဲ့ ရှိပြီးတော့ ဒီအခြေခံကို ကောင်းကောင်းနားလည်ထားရင်တော့ မသိသေးတဲ့လူတွေထက်တော့ ခေါင်းတစ်လုံးသာသွားပါပြီ။
Cluster – နောက်တစ်ခု cluster ဖြစ်ပါတယ်။ Cluster ဆိုတာကတော့ sector/block တစ်ခုသို့မဟုတ် တစ်ခုထပ်ပိုတာတွေကို အစုလေးတွေထပ်တခါ ဖွဲ့လိုက်ခြင်းဖြင့် cluster ဖြစ်သွားပါတယ်။ Operating System တွေမှာတော့ Allocation Unit Size (AUS) လို့ ခေါ်ပါတယ်။ Sector/block ဆိုတာက hardware level မှာ hard disk ကိုထုတ်တဲ့ vendor ကသူ့ရဲ့ ROM မှာ သတ်မှတ်ထားတာဖြစ်ပြီးတော့ cluster သို့မဟုတ် allocation unit size မှာတော့ operating system level မှာ ထပ်တခါ software နည်းနဲ့ အကျဉ်းအကျယ် လုပ်နိုင်တဲ့ သဘောပါ။ Operating system လို့ ပြောတာနဲ့ file system ကပါလာပါပြီ။ နောက်အပိုင်းတစ်ခုမှာ file system အကြောင်းကို သီးသန့်ရှင်းပါ့မယ်။ Cluster ဟာ operating system တစ်ခုရဲ့ file system နဲ့ ပိုမိုဆက်နွယ်မူ ရှိသော်လည်း sector/block ကို logical အစိတ်အပိုင်း အနေနဲ့ ရှင်းရင်းနဲ့မို့ ဆက်ပြီးတော့ ရှင်းလိုက်တာပါ။ အခုနောက်ပိုင်းမှာတော့ storage capacity ဟာလည်း ဆတိုးများလာပြီမို့ အရင်တုန်းကလိုမျိုး allocation unit size ကို hard disk တစ်လုံး format ချတဲ့အချိန်မှာ လိုက်ပြီးတော့ ပြောင်းလဲပေးစရာမလိုတော့ပါဘူး။ System ကပေးတဲ့ default နဲ့ဆိုလည်း အဆင်ပြေနိုင်ပါတယ်။
ဒီ အပိုင်းက ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ နောက်အပိုင်းတွေမှာတော့ အခြားသော storage နဲ့ ဆိုင်တဲ့ အကြောင်းအရာလေးတွေကို ဆက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပြီး၊ file system အကြောင်းလေးတွေကို ပါအောင်ထည့်သွင်း သွားပါ့မယ်။