# GNU/Linux Desktop Environment များအကြောင်း အပိုင်း (၄)

Xfce desktop အကြောင်း မစခင် GNU/Linux မှာ ရနိုင်တဲ့ lightweight desktop တွေအကြောင်းကို အကျဉ်းချုပ်ပြီးတော့ ဆွေးနွေးချင်ပါတယ်။ PC အဟောင်းတွေ Laptop အဟောင်းတွေပေါ်မှာ အရမ်းကို အလုပ်ဖြစ်တဲ့ DE တွေမို့ သိထားသင့်တယ်လို့ ထင်ပါတယ်။ ပုံမှန်အားဖြင့်တော့ GNU/Linux distro တွေ ဘယ် DE နဲ့လာလာ Windows OS တွေထက်တော့ ပိုပြီးတော့ ပေ့ါပါးပြီးသားပါ။ SSD သုံးတဲ့ စက်တွေမှာဆိုပိုလို့တောင် သိသာပါတယ်။ အဲ့ဒါကတော့ Linux kernel ရဲ့ အစွမ်းထက်မှုနဲ့ boot process မှာ ဆွဲတင်ရတဲ့ module တွေ background service/daemon တွေဘယ်လောက် များလည်း မများဘူးလည်းဆိုတာပေါ်မှာလည်းမူတည်ပါတယ်။ Lightweight distro ဆိုတာလည်း boot process နဲ့ application တွေကို run တဲ့အခါမှာ ပေါ့ပါးအောင်လို့ background မှာ မလိုအပ်တဲ့ အရာတွေကို ဖြုတ်ပြီးတော့ minimal ဖြစ်အောင်လုပ်တဲ့ OS တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ Desktop Environment ကတော့ အဲ့လို lightweight လုပ်တဲ့အခါမှာ မပါမပြီး ထည့်သွင်းစဉ်းစားရတဲ့ အချက်တစ်ခုပါ။

<figure><img src="/files/BDQFl9Oki6q2sPYzDQoT" alt=""><figcaption></figcaption></figure>

ပေါ့ပါးနိုင်သမျှ ပေ့ါပါးအောင်လုပ်တဲ့အခါမှာ အရိုးရှင်းဆုံး DE ဖြစ်အောင် လုပ်ရတာ performance နဲ့ resource utilisation အတွက် တော်တော်လေးသိသာ တယ်လို့ ဆိုရမှာပါ။ ဆိုလိုရင်းက သိပြီးကြတဲ့ အတိုင်း GNU/Linux လို Unix-like တွေမှာက modularity နဲ့ reusability ကအရမ်း အရေးကြီးပြီးတော့ GNU/Linux ecosystem အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ Modularity ဆိုတာကတော့ အစိတ်အပိုင်းများစွာ နဲ့ ပေါင်းစပ်ပြီးတော့ အဲ့ဒီဟာတွေအားလုံး အချက်ကျကျ အတူတူ အလုပ်လုပ်အောင် ကြိုးပမ်းရတာဖြစ်တဲ့အတွက် တချို့ distro တွေမှာ ကိုယ်ကြိုက်သလို highly customize လုပ်လို့ရပါတယ်။ ဥပမာ Arch Linux လို distro ကို install လုပ်တဲ့အခါမှာ အရုပ်ဆက်သလို တစချင်းစီ အဖြုတ်အတက် လုပ်လို့ရပါတယ်။ Arch ကို install လုပ်ဖူးရင် သိပါလိမ့်မယ် functional OS တစ်ခုဖြစ်တဲ့ အထိကို ဘယ်လိုအပိုင်းတွေ တစ်ခုပြီးတစ်ခု command line ထဲကနေရိုက်ပြီးတော့ install လုပ်ရတယ်ဆိုတာကို… အဲ့ဒီလို တစ်ခုချင်းစီ ထည့်တဲ့ နေရာမှာ ကိုယ်ကြိုက်တဲ့ DE ကို နောက်ဆုံးမှာ ထည့်တာ အကြာဆုံးပါ။ ဘာလို့လဲဆိုတော့ DE က OS ရဲ့ အကြီးဆုံးသော component တစ်ခုပါ။ DE ထဲမှာမှ File Manager တွေ၊ Window Manager တွေ၊ DE နဲ့တွဲပြီးလာတတ်တဲ့ default application တွေ၊ Panel/Taskbar တွေ၊ Power Manager တွေ၊ Session Manager တွေ၊ Terminal emulator တွေအပြင် DE ရဲ့ animation အတွက်လိုအပ်တဲ့ အပိုင်းတွေပါဝင်ပါတယ်။ DE ရဲ့ animation ဟာ PC/Laptop ရဲ့ CPU နဲ့ RAM အတွက် အလုပ် အပေးနိုင်ဆုံး အရာတွေ ပါပဲ။ အဲ့ဒါကြောင့်လည်း lightweight DE နဲ့လာတဲ့ distro တွေကို ကြည့်လိုက်ရင် ဘာ animation မှမပါပဲနဲ့ ပုံစံတုံးတုံးကြီးတွေ ဖြစ်နေတတ်ပါတယ်။ နောက်ပြီး lightweight တွေဟာ GUI အတွက် လုပ်လို့ ရတဲ့ အပိုင်းမှာ full GNOME နဲ့ KDE လောက်မပြည့်စုံပါဘူး။ မရှိမဖြစ်ဆိုတဲ့ အပိုင်းတွေကိုပဲ ထည့်သွင်းထားပြီးတော့ တခြား မလိုအပ်တဲ့ အပိုင်းတွေကို ဖြုတ်ထားတတ် ကြပါတယ်။

<figure><img src="/files/k3HGMMguWwR8rQH03vYL" alt=""><figcaption></figcaption></figure>

<figure><img src="/files/lDUFhoQmDIvJTs3sUfJj" alt=""><figcaption></figcaption></figure>

ဘာဖြစ်လို့ အပေါ်မှာ lightweight အကြောင်းကို တင်ပြရသလဲဆိုရင် များသောအားဖြင့် GNU/Linux ကိုစပြီးတော့ အသုံးပြုသူတွေဟာ lightweight distro တစ်ခုခုနဲ့ ပထမဆုံး ထိတွေလိုက်မယ်ဆိုရင် Linux OS တွေက ပုံမလာပါဘူးဆိုတာမျိုးကို မကြာခဏ ကြားရတတ်လို့ပါ။ လှအောင်လုပ်ထားတဲ့ DE မဟုတ်တဲ့ အတွက် မလှပါဘူး။ ပေါ့အောင်လုပ်ထားတဲ့အတွက် ပေါ့ပါတယ်။ အဲ့ဒီတော့ Windows 10 လို standard OS ပုံစံမျိုးကြိုက်တယ်ဆိုရင်တော့ GNU/Linux မှာ Ubuntu ကို အခြေခံထားတဲ့ Zorin OS ဆိုတဲ့ distro ရှိပါတယ်။ Apple ရဲ့ macOS လို dock တွေ animation တွေအများကြီးနဲ့ ခေတ်ဆန်တဲ့ ပုံစံမျိုးကြိုက်တယ်ဆိုရင်တော့ Ubuntu ကိုပဲ အခြေခံထားတဲ့ Elementary OS ရှိပါတယ်။ backend shell နဲ့ command တွေက အားလုံးတူပြီးတော့ DE မှာပဲကွာခြားသွားတာကို ထင်ရှားစေလိုတဲ့ သဘောနဲ့ပြောပြရခြင်းဖြစ်ပါတယ်။ ဒီ post မှာကတော့ အရှေ့ တပိုင်း မှာကတိပြုထားတဲ့အတိုင်း Xfce ဆိုတဲ့ lightweight DE တစ်ခုအကြောင်း ဆက်လက်ဆွေးနွေး သွား မှာပဲဖြစ်ပါတယ်။ ကဲ… ကဲ… နောက်ကညီညီလေးလိုက်ဆို… (စကားချပ်။ ။ကြာနီကန်ဆရာတော် လေးသံနဲ့ ဖတ်ရန်။)

## Xfce

၁၉၉၆ ခုနှစ်တွင်းမှာ Olivier Fourdan ဆိုတဲ့ ပုဂ္ဂိုလ်က Linux နဲ့တွဲပြီးသုံးလို့ရတဲ့ Common Desktop Environment (CDE) တစ်ခုကို တည်ဆောက်ဖို့ကို project တစ်ခုကိုစခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်း CDE ဟာ Unix desktop environment မှာသုံးတဲ့ component တစ်ခုဖြစ်ပြီးတော့ proprietary နေနဲ့ ရှိနေခဲ့ပါတယ်။ CDE ဟာ အဲ့ဒီအချိန်တုန်း developer တွေကြားမှာ ခေတ်စားခဲ့ပုံရပါတယ်။ KDE ဆိုတာကလည်း အဲ့ဒီ CDE ကနေတဆင့် ပေါက်ဖွားလာခဲ့တဲ့ DE တစ်ခုပါပဲ။ အခုတခါလည်း Xfce ဟာ CDE ရဲ့ကောင်းမွေးတွေကို ဆက်ခံပြီးတော့ အခုချိန်ထိတိုင် ရပ်တည်နိုင်စွမ်းရှိတဲ့ project တစ်ခုပါ။ အစပိုင်းမှာတော့ Olivier Fourdan တစ်ယောက် CDE ကနေစခဲ့သော်လည်း ၁၀နှစ်ကျော် ၁၂နှစ်အတွင်း အခေါက်ခေါက်အခါခါ ပြင်ဆင်လာရာကနေ CDE ကနေ လုံးဝခွဲထွက်ပြီးတော့ ကိုယ်ပိုင်ရပ်တည်နေတဲ့ project တစ်ခုဖြစ်လာခဲ့ပါတယ်။ Xfce ရဲ့ မူလ ပထမ အဓိပ္ပာယ်က XForms Common Environment ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်။ အရင်ကတော့ XForms toolkit ကိုသုံးခဲ့လို့ အဲ့လို ခေါ်တာဖြစ်သော်လည်း ၂ ခေါက်တိုင်တိုင် အစကနေပြန်ရေးရာကနေ GNOME မှာလိုပဲ GTK+ toolkit ကိုပဲ အသုံးပြုလာခဲ့ပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာတော့ Xfce ကို X Freakin’ Cool Environment လို့လည်း ခေါ်ချင်ရင်ခေါ်လို့ရပါတယ်လို့ Xfce wiki မှာဆိုထားပါတယ်။ အမှန်တော့ Xfce က ဘာကိုမှ အတိုကောက်သုံးနှုန်းထားတာ မဟုတ်တော့ပဲ၊ နာမည်အနေနဲ့သာ သတ်မှတ်ထားပါတယ်။

<figure><img src="/files/E2fV6895B1ahefhvVye4" alt=""><figcaption></figcaption></figure>

<figure><img src="/files/I1iOoEMg4nitd22gum1s" alt=""><figcaption></figcaption></figure>

၁၉၉၈ ခုနှစ်မှာ Olivier Fourdan ဟာ Xfce 2 ကို မိတ်ဆက်ပေးပါတယ်။ Xfce 2 မှာ Xfce ရဲ့ ပထမဆုံး Window Manager Xfwm ကိုပါ ထည့်ပြီးတော့ အသုံးပြုလာပါတယ်။ ပြီးတော့ သူက Xfwm ကို Red Hat Linux မှာထည့်နိုင်ဖို့ကို ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့ပါဘူး။ Red Hat အနေနဲ့ licensing အရှုပ်အရှင်းရှိတာမို့ Xfwm ကိုထည့် မသုံးခဲ့တာပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Xfwm က XForms ကို သုံးထားပြီးတော့ XForms က အဲ့ဒီ အချိန်က proprietary closed source ဖြစ်နေလို့ပါပဲ။ အဲ့အချိန်တုန်းက XForms ကို တကိုယ်ရေ သုံးဖို့အတွက်သာ အခမဲ့ ပေးသုံးပါတယ်။ ထိုနည်းတူ Debian အတွက်လည်း အဲ့ဒီ licensing ပြဿနာကြောင့် Xfwm ကိုကောင်းပေမယ့်လည်း ယူသုံးလို့ မရခဲ့ပါဘူး။ Xfce 3 ထွက်လာတဲ့ အချိန်ကျမှပဲ Debian ကနေဆင်းသက်လာတဲ့ distro တွေက Xfwm ကို ပြန်လည်မွေးစားပြီးတော့ ယူသုံးလာကြပါတယ်။ အဲ့ဒီ Xfce 3 ကိုတော့ Olivier Fourdan က မတ်လ ၁၉၉၉ ခုနှစ်မှာ GTK+ ကိုအသုံးပြုပြီးတော့ ပြန်လည် ပြင်ဆင်ရေးခဲ့ပါတယ်။ အကျိုးဆက်ကတော့ Xfce 3.0 ကနေစပြီးတော့ Xfce နဲ့ သူ့ရဲ့ component တွေကို GNU GPL အောက်မှာ license ကိုထားလိုက်ပါတယ်။ Xfce 3.0 ကနေစပြီးတော့ license အရှုပ်အရင်း မရှိတော့တာကြောင့် open source community ရဲ့ contribution နဲ့ support တွေဟာလည်း ဒီရေအလား တိုးတက် များပြားလာတာကြောင့် Xfce ဟာ ကောင်းသတဲ့ ကောင်းလာပြီးတော့ နာမည်ရလာပါတယ်။ Xfce 4 ကိုရောက်လာတဲ့အခါမှာတော့ Xfce project ရဲ့ အရှိန်ဟာ တော်တော်လေးကို ကောင်းနေပါပြီ။ တချိန်တည်းမှာပဲ GTK+ 2 libraries ကိုလည်း Xfce 4 မှာစတင်ပြီးတော့ ပြောင်းသုံးလာပါတယ်။ အခုချိန်မှာတော့ Xfce ဟာ version 4.12 ထိတောင်ရောက်လို့နေပါပြီ။ lightweight DE တွေထဲမှာတော့ Xfce ဟာ သေသပ်လှပပြီးတော့ ပေါ့ပါး မြန်ဆန်တဲ့ desktop တစ်ခုဖြစ်ပါတယ်။ သို့သော် အသုံးပြုတဲ့အခါမှာတော့ GUI အတွက် feature တော့ အစုံမပါဘူးလို့ဆိုရမှာပါ။ addon utility တွေတော့ သုံးချင်ရင် ရှိပါတယ်။

ပေါ့ပါးပြီးတော့ modularity နဲ့ reusability ဆိုတဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံမှုကြောင့် Xfce ကို GNU/Linux distro တော်တော်များများမှာ official default desktop အနေနဲ့ ယူသုံးကြပါတယ်။ Xfce DE ကို default desktop အနေနဲ့ သုံးထားတဲ့ distro တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

* Antergos
* BackBox
* Dragora GNU/Linux-libre
* Emmabuntüs
* Linux Lite
* Manjaro Linux
* MX Linux
* Mythbuntu
* PC/OS
* SalineOS
* SolydX
* UberStudent
* Ubuntu Studio
* Xubuntu
* Kali Linux

တခြား distro တွေမှာသုံးချင်ရင်လည်း ရှိပြီးသား DE ပေါ်ကနေပြီးတော့ Xfce ကို ထပ်ဆောင်း download လုပ်ပြီး install လုပ်လို့ရပါတယ်။ စာရေးသူ အနေနဲ့ တော့ LXDE ပြီးရင် Xfce ရဲ့ desktop ပုံစံလေးနဲ့ performance ကို တော်တော်လေး သဘောကျပါတယ်။ Minimalism ကို ကြိုက်တယ်ဆိုရင်တော့ Xfce နဲ့ LXDE ဟာ GNU/Linux အသုံးပြုသူတွေအတွက် အကျစ်လစ်ဆုံး DE တွေလို့ဆိုရမှာပါ။ ဒီလောက်ဆိုရင်တော့ Xfce အကြောင်းလည်း သိသင့်သလောက် သိပြီလို့ယူဆပါတယ်။ Xfce အကြောင်းကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ နောက် post တစ်ခုမှာတော့ lightweight တွေ အကြောင်းပြောရင်းမို့ LXDE အကြောင်းကို ဆက်ပြီးတော့ ဆွေးနွေးတင်ပြလိုပါတယ်။


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://my.itmatic101.com/linuxbsd/xfce.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
