အဘယ့်ကြောင့် GNS3
GNS3 ဟာ အခုချိန်မှာတော့ လူသိလည်းတော်တော်များလာပါပြီ။ ဒီ GNS3 အကြောင်းကို ရေးဖို့ စိတ်ကူးမိတာတော့ နည်းနည်းကြာပါပြီ။ စာရေးသူ စိတ်ထဲမှာ လူတော်တော်များများ သုံးနေကြတယ်၊ သိနေကြပြီးသားဆိုတော့ ဒီစာရေးဖို့က တွန့်ဆုတ်ရ ပြန်ပါတယ်။ ကိုယ်ကိုတိုင်ကလည်း ခပ်ဝေးဝေး တခါလောက်သာ အသုံးပြုဖြစ်လို့ အလုံးစုံ မသိနိုင်သေးလို့ ချက်ချင်းစာစရေးမှာကိုလည်း သိပ်ပြီးတော့ စိတ်ဘဝင် မကျလှပါဘူး။ အဲ့ဒါကြောင့် အချိန် နည်းနည်း ထက်ယူ ပြီးတော့ နည်းနည်းလေးပိုသိအောင်လို့ ကိုယ်ကိုတိုင်လေ့လာ ရပါတော့တယ်။ စာရေးသူ ကိုယ်တိုင်လည်း အခြား မိတ်ဆွေတစ်ယောက်က ပြောပြလို့ GNS3 ဆိုတာကို စပြီးသိခဲ့ရတာပါ။ လွန်ခဲ့တဲ့ ၆နှစ် ၇နှစ်လောက်က နည်းပညာ နယ်ပယ်ထဲမှာ storage admin မိတ်ဆွေတစ်ယောက်နဲ့ ထိုင်ရင်း စကားပြောဖြစ်တော့ စာရေးသူ စာအုပ်စင်ပေါ်က Cisco နဲ့ ပတ်သတ်တဲ့ စာအုပ်တွေကိုတွေ့တာနဲ့ စာရေးသူကို Cisco နဲ့ ပတ်သတ်တာတွေကို လေ့လာနေသလား၊ ဘယ်လိုမျိုး လေ့လာသလဲ၊ ဘယ်လို lab environment တွေကိုသုံးပြီးတော့ လေ့ကျင့်သလဲဆိုတာနဲ့ ပတ်သတ်ပြီးတော့ စကားစပ်မိပါတယ်။ စာရေးသူလည်း အဲ့ဒီစာအုပ်တွေဟာ ကောလိပ်မှာတုန်းက networking course မှာသုံးတဲ့ စာအုပ်တွေဖြစ်တယ်ဆိုတဲ့ အကြောင်း၊ ကျောင်းမှာတုန်းကတော့ course မှာပါလို့ လေ့လာနိုင်သလောက်ပဲ လေ့လာဖြစ်တယ်ဆိုတဲ့ အကြောင်း၊ lab ကိုတော့ Cisco Packet Tracer သုံးဖြစ်တယ်ဆိုတဲ့ အကြောင်းကို စကားပြန်လိုက်တော့… စာရေးသူရဲ့ မိတ်ဆွေက GNS3 ဆိုတာကို မသုံးဘူးလားတဲ့။ အဲ့ဒီအချိန်တုန်းက စာရေးသူ GNS3 ကို တခါမှ မသုံးဘူးသလို၊ ဘာမှန်း ဆိုတာလည်း မသိခဲ့ပါဘူး။ စာရေးသူ မိတ်ဆွေ ပြောပြမှ ရှာရင်း ဖွေရင်းနဲ့ GNS3 အကြောင်းကို တော်တော်လေး သိလာရပါတယ်။ နောက်ပိုင်းမှာ Packet Tracer မသုံးဖြစ်အောင်လို့ကို သတိထားပြီးတော့ GNS3 နဲ့ networking lab တွေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုပြီးတော့ လေ့လာခဲ့ဖြင့် အခုဆို တော်တော်လေး ထဲထဲဝင်ဝင်ရှိလာပြီလို့ ဆိုရမှာပါ။ စားရေးသူ စပြီး အသုံးပြုတဲ့ အချိန်ကနေ GNS3 ဟာဖြင့် တိုးတက် လိုက်တာ အခုဆို GNS3 မှာ networking နဲ့ ပတ်သတ်လို့ လုပ်လို့ မရတာ ဘာမှာ မရှိသလောက်ကိုပါပဲ။ အခုနောက်ပိုင်းထွက်တဲ့ version မှာဆိုရင် Docker လို lightweight container technology ကိုထည့်သွင်း အသုံးပြုနိုင်လို ကိစ္စတော်တော်များများဟာ GNS3 ပေါ်မှာ စမ်းသပ် စူးစမ်းလို့ ရလာပါတယ်။
ဒီ post မှာတော့ tutorial ပုံစံမျိုး မဖြစ်အောင်လို့ စာရေးသူ သတိထားပြီးတော့ ရေးသွားပါ့မယ်။ Tutorial နဲ့ ပတ်သတ်ပြီးတော့ လေ့လာချင်ရင်တော့ တခြားလူတွေ တော်တော်များများ YouTube ပေါ်မှာ ရှင်းပြထားတာတွေ ရှိပါတယ်။ စာရေးသူ ရဲ့ အဓိက ရည်ရွယ်ချက်က GNS3 ဆိုတာ မသိသေးရင် သိလာအောင်ရယ်၊ နည်းနည်းပါးပါး သိထားတယ် ထဲထဲဝင်ဝင် မသုံးဘူးလို့ GNS3 ဆိုတာကြီးကို ဃဂနဏ မသိသေးဘူး ဆိုတဲ့သူတွေ စိတ်ပါဝင်စားပြီး ပိုသုံးဖြစ်လာအောင်ရယ် ဆိုပြီး ရေးဖြစ်တာပါ။ ကိုယ်ကသိလည်းသိတယ် လက်ရှိမှာ သုံးလည်းသုံးနေတယ် ဆိုရင်ဖြင့် ဒီ post ကို ဗဟုသုတ အပျင်းပြေဖတ်ချင်တယ် ဆိုရင် ဖြင့်လည်း စာဖတ်သူ အနေနဲ့ အရှုံးမရှိနိုင်ပါဘူး။ စာရေးသူလည်း သိသလောက် လေ့လာထားသလောက်နဲ့ ကြိုးစားပြီးတော့ ရေးပါ့မယ်။ အထူးသဖြင့် tutorial တွေမှာလိုမျိုး အဆင့်ဆင့်ရှင်းပြတဲ့ ပုံစံမျိုး မဖြစ်အောင်လို့ သတိထားသွားပါ့မယ်။
GNS3 ဆိုသည်မှာ
GNS3 ကို ၂၀၀၈ ခုနှစ်မှာ ပထမဆုံး release စထွက်ပါတယ်။ GNS3 ရဲ့ အရှည်ကတော့ Graphical Network Simulator 3 ဖြစ်ပါတယ်။ နာမည်ထဲမှာ Simulator ရယ်လို့ ပါသော်လည်း GNS3 ဟာ တကယ်တန်းမှာ Network Emulator တစ်ခုပါ။ Simulate ဆိုတာ အင်္ဂလိပ် လိုမှာတော့ ပုံစံတူဖြစ်အောင် အတုယူ လိုက်လုပ်ထားတယ်လို့ အဓိပ္ပာယ်ရပါတယ်။ တဘက်မှာတော့ Emulate ဆိုတာကတော့ Simulate ဆိုတာနဲ့ ခပ်ဆင်ဆင်ရှိပေမယ့်… Computing term မှာ သဘောသဘာဝ တော်တော်လေးကွာပါတယ်။ Computing မှာ Emulate လို့ပြောရင်တော့ တပုံစံတည်း ဖြစ်အောင်လို့ ပုံတူပွားယူ ထားတာလို့ အဓိပ္ပာယ် မျိုးရပါတယ်။ ဥပမာအားဖြင့် Cisco Packet Tracer ဟာဆိုရင်ဖြင့် Network Simulator ဖြစ်ပြီးတော့၊ GNS3 ဟာ Network Emulator တစ်ခုဖြစ်ပါတယ်။ တနည်းအားဖြင့် Cisco Packet Tracer ဟာ အတုဖြစ်ပြီးတော့၊ GNS3 ကတော့ အစစ်ပုံစံကိုပွားယူထားတယ်လို့ ဆိုရမှာပါ။ အနည်းငယ် နောက်တဆင့် တက်ပြီးတော့ ရှင်းရမယ်ဆိုရင် Cisco Packet Tracer ဟာ ActionScript programming language ဖြစ်တဲ့ Adobe Flash လိုဟာတွေနဲ့ ရေးထားတာဖြစ်ပြီးတော့၊ ဘယ်လို object ကို canvas ဆွဲထည့်လိုက်ရင် ဘယ်လိုမျိုးပုံစံနဲ့ animation လုပ်ရမယ်ဆိုတဲ့ instruction တွေဟာ ကြိုတင် program ထဲမှာ ထည့်ပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Cisco commands အစစ် တော်တော်များများဟာ Cisco Packet Tracer မှာသုံးလို့ မရပါဘူး။ သူ့ program ထဲမှာထည့်ထားသလောက်ကိုပဲ အသုံးပြုလို့ရတဲ့ သဘောပါ။ Cisco IOS တွေမှာလည်း တခါတခါ version မတူလို့ ဒီ router/switch မှာ ရိုက်ထည့်လို့ ရပြီးတော့ နောက်တစ်ခုမှာ သုံးလို့ မရတဲ့ command တွေလည်းရှိပါတယ်။ Cisco Packet Tracer မှာကတော့ အဲ့ဒီ IOS version ကြောင့်မဟုတ်ပဲနဲ့ သူကိုယ်တိုင်ကိုက program မလုပ်ထားလို့ မသိတဲ့ command တွေတော်တော်များများရှိပါတယ်။
GNS3 ကတော့ Emulator ဆိုတဲ့အတိုင်း Cisco IOS တစ်ခုကို Cisco Router/Switch hardware ပေါ်မှာ တင်ပြီး run တဲ့ ပုံစံမျိုး ထက်တူညီမျှ lab experience ကိုပေးမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Cisco router/switch တစ်ခုကို ယူသုံးနိုင်ဖို့က Cisco IOS အစစ်တစ်ခုကို Cisco website ကနေ download လုပ်ပြီးတော့ GNS3 မှာအရင် တင်ပြီးကမှ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီတော့ Cisco IOS အပြင်မှာတကယ်သုံးတဲ့ software ကိုအသုံးပြုပြီး hardware ကို virtualization platform တစ်ခုခုပေါ်မှာ ဖြစ်ဖြစ်၊ hardware emulator ဖြစ်တဲ့ Dynamips လို platform တွေပေါ်မှာ တင်ပြီးတော့ အသုံးပြုတဲ့ အတွက် တကယ့် Cisco Router/Switch တွေပေါ်မှာ အလုပ်လုပ်နေရသလို ပုံစံမျိုးဖြစ်သွားပါတယ်။ ဆိုလိုရင်းက အဲ့ဒီကိုယ်တင်လိုက်တဲ့ IOS ကို သူနဲ့ compatible Cisco hardware တစ်ခုမှာတင်ပြီးတော့သုံးရင် ကိုယ်အသုံးပြုလို့ရတဲ့ command တွေတိုင်းကို GNS3 မှာ တင်သုံးရင်လည်း ထိုနည်းတူ အသုံးပြုလို့ ရနိုင်တယ်လို့ ဆိုချင်တာပါ။ သို့သော်လည်း GNS3 က Cisco hardware ကို Dynamips Emulator ပေါ်မှာတင်ပြီး သုံးတဲ့ အတွက် အနည်းနည်းအကျဉ်းတော့ buggy ဖြစ်ပါတယ်။ အခုအချိန်ထိလည်း bug တွေရှိနေသေးပေမယ့် ဟိုတုန်းကလောက်တော့ မဆိုးတော့ဘူးလို့ထင်ပါတယ်။ နောက်ထွက် မယ့် version တွေမှာ community က report လုပ်ထားတဲ့ bug တွေကိုလည်း နည်းနည်းချင်းစီ ရှင်းသွားမယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီးတော့ GNS3 ဟာ GNU GPL v3 license ကိုအသုံးပြုထားတဲ့အတွက် လွတ်လပ်စွာသုံးစွဲခွင့်ရှိပါတယ်။
GNS3 တိုးတက်ပြောင်းလဲလာပုံ
အစပိုင်းမှာ GNS3 ဟာ Dynamips ကိုအဓိက အလေးပေးပြီးတော့ Cisco IOS ရဲ့ binary file တွေကို emulate လုပ်တဲ့ ပုံစံပါ။ နောက်ပြီးတော့ GNS3 ပေါ်မှာ တင်ပြီး run လို့ရတဲ့ IOS version နဲ့ series ကလည်း တော်တော်လေးလည်း နည်းပါသေးတယ်။ GNS3 Community ထဲမှာ ရှိတဲ့သူတွေ အချင်းချင်း ရှာကြဖွေကြရင်းနဲ့ ဘယ်ဟာတော့ဖြင့် အလုပ်လုပ်တယ် မလုပ်ဘူးဆိုတာကို Forum တွေမှာ share ထားတဲ့ ဟာလေးတွေကို ဖတ်ရင်းနဲ့ စမ်းတဝါးဝါး တစ်ခုပြီးတော့ တစ်ခုတင်ကြည့်လိုက် အဆင်မပြေရင် ပြန်ဖြုတ်လိုက်နဲ့ တော်တော်လေးလည်း ရွာလည် ခဲ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ appliance template လေးတွေသုံးပြီးတော့ အလွယ်တကူတင်နိုင်လာတာ GNS3 ကို အသုံးပြုတဲ့သူတိုင်း သိနိုင်ပါတယ်။ နောက်ပြီးတော့ GNS3 နဲ့ integrate လုပ်လို့ရတဲ့ virtualization platform ကလည်း ရွေးချယ်စရာတော်တော်လေးများ လာပါပြီ။
စာရေးသူအခုချိန်ထိပြောသွားတဲ့ အထဲမှာ Cisco IOS နဲ့ Cisco router/switch hardware platform တွေနဲ့ ပတ်သတ်ပြီးတော့ ပြောသွားတာကို သတိထားမိပါလိမ့်မယ်။ အကြောင်းကတော့ အရင်တုန်းက Cisco hardware တွေကို ကိုယ်ကအိမ်မှာ ဝယ်ပြီးတော့ home lab တစ်ခုတည်ဆောက်ဖို့က နေရာလည်း တော်တော်များများ ပေးရသလို၊ မီတာခ နဲ့ fan ကအသံဆူလို့ အိမ်ကလူတွေလည်း မခံနိုင်ပါဘူး။ Networking နဲ့ ပတ်သတ်လို့ စပြီးတော့ လေ့လာကြတယ် ဆိုရင်လည်း Cisco course တွေနဲ့ပဲ စကြရတာထုံးစံပါ။ အဲ့ဒီတော့ ကိုယ့်မှာ ရွေးစရာ လည်းများများစားစား မရှိလို့ GNS3 ရဲ့ Dynamips Emulator လေးကိုပဲ အားကိုးပြီးတော့ အကုန်အကျ နည်းနည်းနဲ့ home lab တွေကို တည်ဆောက်ရပါတယ်။ အဲ့ဒီတော့ ပြောစရာရှိတာက Cisco course တွေလေ့လာဖို့အတွက်နဲ့တော့ GNS3 ကိုအချိန်ကုန်ခံပြီးတော့ setup လုပ်မနေပါနဲ့ Cisco Packet Tracer နဲ့လည်း CCNA တို့ CCNP တို့ အောင်သွားတဲ့ လူတွေမှ တပုံကြီးရယ်ပါ။ နောက်ပြီးတော့ Cisco IOS တိုင်းလည်း တင်သုံးလို့ ရတာမဟုတ်တဲ့ အတွက်မတန်ပါဘူးပေါ့။ ပိုပြီးတော့ ဆိုးတာက GNS3 မှာ switching နဲ့ ပတ်သတ်ရင် ဘာမှ စမ်းသပ်လို့ မရဘူးလို့လည်း ကြားဖူးထားတော့ အလုပ်ရှုပ်ပါတယ်၊ GNS3 သုံးမယ့်အစား Cisco Packet Tracer နဲ့ပဲ အချိန်အကုန်ခံသက်သာအောင်လုပ်သင့်တယ်လို့လည်း အခုစာဖတ်သူတွေ မေးစရာရှိနိုင်ပါတယ်။ ဟုတ်ပါတယ်။ အဲ့ဒီဟာတွေဟာ တချိန်တုန်းက GNS3 ကို setup လုပ်ရမှာ ပျင်းတဲ့သူတွေအတွက် မေးစရာမေးခွန်တွေပါ။ အခုအချိန်မှာတော့ အဲ့ဒီလို ပြဿနာတွေမရှိတော့ပါဘူး။ ကိုယ် Google မှာ စွမ်းရင်စွမ်းသလောက် Free တင်ထားတဲ့ Cisco IOS တွေကိုရှာကြံပြီးတော့ download ဆွဲလို့ ရပါတယ်။ တရားဝင် နည်းလမ်းနဲ့ ကိုယ်က Cisco ဆီကနေပိုက်ဆံပေး ဝယ်မယ်ဆိုရင်လည်း Cisco VIRL PE လို subscription မျိုးမှာ vIOS တွေ download ဆွဲလို့ရပါတယ်။ Switching နဲ့ပတ်သတ်ပြီးတော့လည်း အလုံးစုံ ကို GNS3 ပေါ်မှာ အခုဆို စမ်းသပ်လို့ရနေပါပြီ။ Cisco Router/Switch hardware တွေကို ဝယ်ပြီးသုံးတာထက်စာရင်တော့ GNS3 ကအများကြီးသက်သာပါသေးတယ်။ GNS3 ကို download ဆွဲပြီးတော့ အသုံးပြုဖို့ကိုတော့ တပြားမှပေးစရာမလိုပါဘူး။
GNS3 အတွက် နေရာရစရာဖြစ်လာတာကတော့ multi vendor support ဖြစ်ပါတယ်။ Cisco အပြင် Juniper, HPE ProCurve, FortiGate, MikroTik, etc., တို့လို တခြားသော OS တွေကိုလည်း GNS3 ပေါ်မှာတင်ပြီးတော့ အသုံးပြုလို့ရပါတယ်။ ဒါအပြင် Linux container တွေ virtual machine တွေကို အသုံးပြုပြီးတော့ အခြားစမ်းချင်သပ်ချင်တာတွေကိုလည်း စမ်းသပ်လို့ရပါတယ်။ ထိုထိုသော အကြောင်းအရာတွေကြောင့် GNS3 ကတခြား network emulator တွေထက်ပိုပြီးတော့ လူသုံးများတယ်လို့ထင်ပါတယ်။
Cisco မှာလည်း သူ့ proprietary နဲ့ထွက်တဲ့ emulation environment တွေရှိပါတယ်။ VIRL လို့ ခေါ်ပါတယ်။ ထုံးစံအတိုင်း Cisco IOS တစ်မျိုးတည်းကို သာအသုံးပြုနိုင်တာမို့ အခုအချိန်ထိတော့ Networking သမားတွေ သိပ်မသုံးဘူးလို့ထင်ပါတယ်။ VIRL ရဲ့ အဓိကအားနည်းချက်က free download မဟုတ်တာ တကြောင်း၊ installation နဲ့ setup မှာ အရမ်းကိုရှုပ်ထွေးလွန်းလှပါတယ်။ ဒါ့အပြင်ပိုဆိုးတာက minimum system လိုအပ်ချက်ကလည်း GNS3 နဲ့ ယှဉ်လိုက်ရင် အရမ်းကိုများတာကို တွေ့ရပါတယ်။ Cisco ရဲ့ VIRL team အဆိုအရ VIRL ရဲ့ backend မှာ OpenStack ကိုအသုံးပြုထားတယ်လို့လည်း သိရပါတယ်။ အဲ့ဒါကြောင့်လည်း VIRL ဟာ system requirement များပြီးတော့ setup လုပ်ရတာ တော်တော်လေးကို လက်ဝင်ပါတယ်။ နောက်ဆုံး Cisco ကလုပ်တဲ့ conference တစ်ခုမှာ VIRL team က လက်ရှိ platform ကိုတော်တော်လေး ပြင်ဆင်ထားတယ်၊ system requirement လည်း နည်းပြီးတော့ feature အသစ်တွေလည်း အများပါလာတယ်လို့ ဆိုပါတယ်။ OpenStack ကိုလည်း မသုံးတော့ပဲနဲ့ ပိုပြီးတော့ ရိုးရှင်းစွာ ချဉ်းကပ်သွားမယ်လို့ဆိုပါတယ်။ Fedora Linux distro ကိုအသုံးပြုထားပြီးတော့ VIRL VM server ပုံစံမျိုး အသုံးပြုလို့ရမယ်လို့ လည်းဆိုပါတယ်။ စာရေးသူ အဲ့ဒီမှာဘာကိုသွားပြီးတော့ သတိရသွားသလဲဆိုရင် VIRL လည်း GNS3 ပုံစံ လိုက်တုပြီလို့တော့ ယူဆချင်ရင် မရိုင်းဘူးလို့ထင်ပါတယ်။ GNS3 မှာတော့ Ubuntu ကို GNS3 VM အနေနဲ့ အသုံးပြုထားပါတယ်။ အခု VIRL မှာတော့ Fedora သုံးမယ်လို့တော့ ပြောသွားပါတယ်။ ၄င်းနည်းတူ EVE-NG လိုခေါ်တဲ့ network emulator နောက်တစ်ခုလည်း ရှိပါတယ်။ သူကတော့ GNS3 ပြီးရင် လူသုံးအများဆုံးလို့ ထင်ပါတယ်။ GNS3 လိုတော့ လုံးဝ free တော့ မရပါဘူး။ Free EVE Community Edition ဆိုပြီးတော့ ရှိပါတယ်။ ပုံမှန်းအားဖြင့်တော့ နောက်ဆုံး product ရောင်းဖြစ်သွားအောင် community free edition ထားတယ်ပဲထင်ပါတယ်။
GNS3 lab environment
GNS3 ကို Windows, MacOS နဲ့ Linux တို့ပေါ်မှာ install လုပ်လို့ရပါတယ်။ Windows နဲ့ MacOS မှာ install လုပ်မယ်ဆိုရင်တော့ GNS3 မှာရှိနိုင်တဲ့ feature တွေအကုန်သုံးချင်ရင်တော့ GNS3 VM တစ်ခုလိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ GNS3 မှာ ကိစ္စတော်တော်များများဟာ QEMU ဆိုတဲ့ hypervisor ပေါ်မှာ setup လုပ်ရပါတယ်။ QEMU ကို run ဖို့က သိကြပြီးတဲ့အတိုင်း Linux kernel လိုပါတယ်။ အဲ့ဒါကြောင့် Linux ပေါ်မှာ natively install လုပ်ပြီးတော့ GNS3 ကို သုံးမယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ သို့သော် စာရေးသူကတော့ GNS3 VM ကို ESXi လို hypervisor သီးသန့် ပေါ်မှာတင်ပြီးတော့ သုံးတာကို ပိုပြီးတော့ သဘောတွေ့ပါတယ်။ IOS image တွေကိုတစ်စုတစ်စည်းတည်း GNS3 VM မှာရှိတဲ့ အတွက် ကိုယ်ကြိုက်တဲ့ စက်ပေါ်ကနေ remote ဝင်ပြီးတော့ စတင်အသုံးပြုလို့ရပါတယ်။ VPN connection ရှိရင် ကိုယ်ကြိုက်တဲ့ နေရာကနေ ချိတ်ပြီးတော့ သုံးလို့လည်း ရပါတယ်။ ကိုယ်က laptop တစ်လုံးတည်းရှိတယ္်၊ ကိုယ်သွားတဲ့ နေရာတိုင်းမှာအဲ့ဒီ laptop ကရှိနေတယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အရှေ့မှာပြောသလို Linux ကို laptop မှာ သုံးဖို့တော့လိုပါတယ်။
GNS3 lab တည်ဆောက်ပုံကိုတော့ အဆင့်ဆင့်မရှင်းတော့ပါဘူး။ GNS3 community မှာ documentation နဲ့ forum ကောင်းကောင်းရှိတာမို့ အခက်အခဲရှိမှာမဟုတ်ပါဘူး။ YouTube မှာလည်း tutorial အများကြီးရှိပါတယ်။ ဒီ post မှာကတော့ Cisco Networking စတင်လေ့လာတဲ့ သူတွေအတွက် Cisco Packet Tracer ထက် GNS3 ကို ဦးစားပေး အသုံးပြုစေလိုတာရယ်၊ နောက်ပြီးတော့ simulator နဲ့ emulator ကွာခြားပုံ အကျဉ်းချုပ် သဘောရှင်းပေးထားပါတယ်။ GNS3 နဲ့ပတ်သတ်ပြီးတော့ ရေးမယ်ဆိုရင်တော့ ရေးစရာတွေ အများကြီးပါ။ စမ်းသပ်လို့ရတဲ့ scenario တွေကလည်း အခုဆို တော်တော်လေးများလာပါပြီ။ GNS3 ရဲ့ user forum မှာ အခြားအသုံးပြုတဲ့လူတွေ report လုပ်ထားတဲ့ bug တွေလည်း ရှာဖတ်နိုင်ပါတယ်။ CCNA သို့မဟုတ် CCNP အတွက် ပြင်ဆင်နေတဲ့ သူတွေအတွက်တော့ GNS3 က မရှိမဖြစ် ရှိသင့်တဲ့ lab environment လေးတစ်ခုပါ။ ဒါကတော့ စာရေးသူသိသလောက်လေး ကိုပြန်လည်မျှဝေသွားတဲ့ GNS3 အကြောင်းလေးတွေပါ။ နောက်လည်း GNS3 နဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို ကြုံရင်ကြုံသလို ထပ်ပြီးတော့ရေးသွားမယ်လို့ စိတ်ကူးရှိပါတယ်။ ဒီ post ကိုဒီမှာတင်ပဲရပ်လိုက်ပါတော့မယ်။
Last updated